တန့်ယန်းမြို့တွင် အာဏာသိမ်းအဖွဲ့က ဥပုသ်နေ့ ဈေးမပိတ်ရန်နှင့် တရုတ်လူမျိုးများ နှစ်သစ်ကူးနေ့ ဆိုင်မပိတ်ရန် တိုက်တွန်းရေး တရုတ်အသင်းအဖွဲ့ကိုပါ ဖိအားပေးထား

တန့်ယန်းမြို့တွင် အာဏာသိမ်းအဖွဲ့က ဥပုသ်နေ့ ဈေးမပိတ်ရန်နှင့် တရုတ်လူမျိုးများ နှစ်သစ်ကူးနေ့ ဆိုင်မပိတ်ရန် တိုက်တွန်းရေး တရုတ်အသင်းအဖွဲ့ကိုပါ ဖိအားပေးထား
ဇန်နဝါရီ 29, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ဥပုသ်နေ့တိုင်း ပိတ်နေကျ တန့်ယန်းဈေးကို လာမည့်ဥပုသ်နေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် မပိတ်ဘဲ ဈေးသည်များ မဖြစ်မနေ ရောင်းချကြရန်နှင့်  တရုတ်လူမျိုးများလည်း လာမည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ (တရုတ်နှစ်သစ်ကူးနေ့)တွင် ဆိုင်မပိတ်ကြရန် တိုက်တွန်းရေး တရုတ်အသင်းကို ဖိအားပေးထားကြောင်း သိရသည်။

ငါတို့ နိုင်ငံရေး နားမလည်ဘူး။ လုပ်လည်း မလုပ်ဘူး။ ငါတို့ကိစ္စရှိလို့ပဲ ဖြစ်ဖြစ်၊ အလှူအတန်း လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ နေမကောင်းလို့ပဲ ဖြစ်ဖြစ် ငါတို့ဆိုင် ငါတို့ဖွင့်ချင်ဖွင့်မယ်။ ပိတ်ချင်ပိတ်မယ် မဟုတ်လား။ ဘယ်နေ့ပိတ်ပါ။ ဘယ်နေ့ဖွင့်ပါနဲ့ အမိန့်ပေးခြိမ်းခြောက်နေတာ ဘာအဓိပ္ပါယ်မှမရှိဘူး။ ဘာတွေမှန်းကို မသိတော့ဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

တန့်ယန်းတွင် အာဏာသိမ်းတစ်နှစ်ပြည့် Silent Strike အသံတိတ် သပိတ်မဆင်နွှဲ‌ရန်နှင့် ပါဝင်ဆင်နွှဲပါက ပြင်းထန်စွာအရေးယူမည်ဆိုသည့် စာစောင်များကို ဈေး‌များ၊ ဆိုင်ခန်းများ၊ လမ်းမများတွင် ဖြန့်ဝေခြင်း၊ လော်ဖြင့်ကြေညာခြင်း၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လက်မှတ်ထိုးစေခြင်းများကို ပြုလုပ်နေသည့်အတွက် အစဉ်အလာအတိုင်း တရုတ်နှစ်သစ်ကူးဆင်နွှဲကြမည့် တရုတ်အနွယ်ဝင်များမှာ အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ(၁)ရက်နေ့ဟာ တရုတ်တွေ နှစ်သစ်ကူးတဲ့နေ့ ဖြစ်နေတယ်။ နှစ်သစ်ကူးတဲ့‌နေ့မှာ တရုတ်အနွယ်ဝင်တွေဟာ အလုပ်နား ဆိုင်ပိတ်ပြီး အလှူလုပ်ကြလေ့ရှိတယ်။ အခုကျတော့ ဆိုင်ဖွင့်ရမယ်ဆိုပြီး တရုတ်အသင်းက တစ်ဆင့်ခေါ်ပြောတယ်။ အလှူအတန်းကလည်း မဖြစ်မနေလုပ်ရမှာဆိုတော့ နေ့တစ်ပိုင်းတော့ ဖွင့်ရတော့မယ်

ဟု တန့်ယန်းမှ တရုတ်အနွယ်ဝင်လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောပါတယ်။

အာဏာသိမ်းတစ်နှစ်ပြည့်မည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းဆန့်ကျင်သည့်အနေဖြင့် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုဘဲ အသံတိတ်သပိတ် (silent strike) လုပ်ကြရန် ပြည်သူမှ ပြည်သူသို့ လှုံ့ဆော်မှုများပြုလုပ်နေကြချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ယင်းနေ့တွင် လမ်းဘေးကွမ်းယာဆိုင်ကအစ မည်သည့်ဆိုင်မှ မပိတ်ကြရန်နှင့် ပိတ်လျှင် ပြင်းထန်စွာအရေးယူမည်ဟု လိုက်လံကြော်ငြာခြင်း၊ ဆိုင်ရှင်များအား လက်မှတ်ထိုးစေခြင်း၊ ဆိုင်ပိတ်မည်ဟု ကြော်ငြာထားသူများကို ဖမ်းဆီးခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်နေခြင်းဖြစ်သည်။

တန့်ယန်းတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ ဌာနဆိုင်ရာများက အာဏာသိမ်းနှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ဆိုင်များ မဖြစ်မနေဖွင့်ရမည်ဟု ဆိုင်ရှင်များအား အတင်းအကြပ်လက်မှတ်ထိုးခိုင်းထားသော်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ရက်များအတွင်း လောင်းကစားဝိုင်းများဖြင့် ခြိမ့်ခြိမ့်သဲသဲပွဲကျင်းပခွင့်ပေးမည်ဟုဆိုထားကြောင်း သိရသည်။

#TachileikNewsAgency