ချင်းပြည်နယ်အတွင်းသို့ သွားရန် ကြိုးစားနေသည့် အာဏာသိမ်းစစ်တပ်က သိုင်းငင်းရွာအနီးတဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်

ချင်းပြည်နယ်အတွင်းသို့ သွားရန် ကြိုးစားနေသည့် အာဏာသိမ်းစစ်တပ်က သိုင်းငင်းရွာအနီးတဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ တီးတိန်ဘက်သို့ တက်ရန်ကြိုးစားနေသည့် အာဏာသိမ်းစစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေရာ ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က သိုင်းငင်းရွာအနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း ကလေး PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နံနက် (၁၀)နာရီဝန်းကျင်တွင် ကလေးမြို့တွင်းမှ ကားကြီး (၅)စီးဖြင့် အာဏာသိမ်းတပ်ဖွဲ့ဝင်များ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဘက်သို့ တက်သွားကြပြီးနောက် နေ့လယ် (၁) နာရီ (၅) မိနစ်အချိန်တွင် ကလေးမြို့နှင့်အနီး ဝန်းကျင်တွင် Mi 35 တစ်စီးပျံဝဲခဲ့ပြီးနောက် နောက်ထပ် (၂) စီးဖြင့်ပေါင်းကာ စုစုပေါင်း(၃) စီးသည်  သိုင်းငင်းဘက်သို့ တက်သွားခဲ့ခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်၏ ရဟတ်ယာဉ်သည် နေ့လယ် (၂)နာရီဝန်းကျင်မှ ညနေ(၃)နာရီခွဲကြားတွင် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအနီး ကလေး၊   ဖလန်း၊ တီးတိန် လမ်းဆုံအနီးတဝိုက်ကို ဗုံးကြဲခဲ့ပြီး‌နောက် ကလေးတောင်ပိုင်းဘက်သို ပျံသန်းသွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်၏ ကားတန်းက ဇန်နဝါရီလ (၁၂)ရက်နေ့ကတည်းက ချင်းတောင်တက်ရန်ကြိုးစားနေကြခြင်းဖြစ်ပြီး ခရီးသွားများကို အကာအကွယ်ယူကာ သွားလာရန်ကြိုးစားနေသဖြင့် ကလေး - ဖလမ်းလမ်းမကြီးတလျှောက်တွင် ခရီးသွားလာခြင်း မပြုကြရန် ဖလမ်းအခြေစိုက် ချင်းအမျိုးသားအစည်းအရုံး(CNO) ကလည်း ထုတ်ပြန်အသိပေးထားသည်။

 ဆက်စပ်သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်၏ ကားကြီး (၅)စီးနှင့် စစ်ရဟတ်ယာဉ် (၃) စီး  ကလေးမြို့ဘက်မှ တီးတိန်သို့ တက်သွား