ကျောက်မဲမြို့ အဝင်အထွက် နေရာများတွင် အာဏာသိမ်းစစ်တပ်က အင်အားတိုး၍ ရှာဖွေစစ်ဆေးမှုများ လုပ်နေ

ကျောက်မဲမြို့ အဝင်အထွက် နေရာများတွင် အာဏာသိမ်းစစ်တပ်က အင်အားတိုး၍ ရှာဖွေစစ်ဆေးမှုများ လုပ်နေ
ဇန်နဝါရီ 15, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရှိ  မြို့အဝင်/အထွက် နေရာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ခါတိုင်းထက် အင်အားတိုး၍  ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရပ်ကွက်၊ ကျေးရွာများအတွင်းကိုပါ လိုက်စစ်နေသည်ဟု သိရသည်။ 

အရင်က မြင်ဖူးနေကျ စစ်သားတွေနဲ့ မတူဘူး။ ဝတ်စုံတွေက အသစ်စက်စက်တွေလိုမျိုး၊ လက်နက်တွေကလည်း အဲဒီလိုပဲ။ ပန်ပေါင်းဘက်ကနေ မြို့ထဲဝင်တဲ့ နမ့်ဟူးတောင်းလမ်းဆုံမှာ အဖွဲ့လိုက်ကြီးရှိနေပြီးတော့ ဆိုင်ကယ်၊ လူ၊ ကားတွေပါမချန် ရပ်ပေးရပြီး စေ့စေ့စပ်စပ်စစ်ဆေးနေတာ

ဟု ကျောက်မဲဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယင်းအပြင် မြို့စွန်လူနေရပ်ကွက်၊ ကျေးရွာအချို့တွင်လည်း လူနေအိမ်များကို ဇန်နဝါရီ ( ၁၄ )ရက်နေ့နှင့် ယနေ့ ( ၁၅ ) ရက်နေ့တို့တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး မေးမြန်းမှုများလုပ်ဆောင်နေသည့်အတွက် ၎င်းနေရာ ၌ နေထိုင်သူများမှာ ထိတ်လန့်နေရသည်ဟု သိရသည်။

ကျောက်မဲမြို့တွင်း  ဖြတ်သန်းသွားလာနိုင်သည့် ကျောက်မဲ-မိုးကုတ်လမ်း၊ ကျောက်မဲ-သီပေါလမ်းပိုင်း ဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်မှ တိုးဂိတ်၊ ကျေးရွာတွင်းလမ်းများဖြစ်သည့် တံခွန်တိုင်-ပန်ဟတ်လမ်းခွဲ (လမ်းဆုံ)၊ နမ့်ဟူးတောင်းလမ်းဆုံ၊ တောင်နောက်လမ်းဆုံနှင့် သိပ္ပံကျောင်းရှေ့တို့တွင်လည်း အာဏာသိမ်းတပ်မှအင်အား ( ၅၀ ) ဝန်းကျင်စီ နေရာယူထားကြပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၂)ရက်နေ့မှ (၁၄)နေ့အတွင်း ကျောက်မဲမြို့အနီး (ဒေသအခေါ်- ကျိုက်ထီးရိုးဘုရား ရှိရာအနီး တစ်ဝိုက်၌) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။