စစ်အာဏာရှင် လက်ကိုင်တုတ် မြန်မာသတင်းမီဒီယာကောင်စီ ကို ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့က အသိအမှတ် မပြုကြောင်း သဘောထား ထုတ်ပြန်

စစ်အာဏာရှင် လက်ကိုင်တုတ် မြန်မာသတင်းမီဒီယာကောင်စီ ကို ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့က အသိအမှတ် မပြုကြောင်း သဘောထား ထုတ်ပြန်
ဇန်နဝါရီ 5, 2022 | ရှမ်းတောင်

အာဏာသိမ်းစစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် လိုသလို ဖွဲ့စည်းထားသည့် မြန်မာသတင်းမီဒီယာကောင်စီ နှင့်  ၎င်းကောင်စီ ဥက္ကဌ ကို အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီကွန်ယက်၏ အလှည့်ကျ ဥက္ကဌ တာဝန် ထမ်းဆောင်ခွင့်ပေးသည့် SEAPC ကိုလည်း ရှုတ်ချကြောင်း  ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့(MASS)က ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် သဘောထားချက် တစ်စောင် ထုတ်ပြန်လာသည်။ 

MASS ၏ ထုတ်ပြန်ချက် ရယူရန် - 



မြန်မာနိုင်ငံ၏ ပြည်သူ့အာဏာအား စစ်တပ်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို လက်မခံ နိုင်သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် အများစုမှာ ကောင်စီမှ  နှုတ်ထွက်ပြီးနောက် အာဏာသိမ်းစစ်တပ်သည် ၎င်း၏ လက်ပါးစေ လူတစ်စုဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကောင်စီအား ဖွဲ့စည်ပြီးနောက် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို အာဏာသိမ်းစစ်တပ်အကြိုက် အသုံးအနှုန်းများ အသုံးပြုရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း များကိုလည်း ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ထို့ပြင် အာဏာသိမ်းစစ်တပ်၏ ဒီမိုကရေစီလိုလားသည့် ပြည်သူလူထုအပေါ်ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမီဒီယာများ အပေါ် ဖိနှိပ်မှုများကို မျက်ကွယ်ပြုကာ အာဏာသိမ်းစစ်တပ်၏ အလိုကျအတိုင်း လိုက်ပါဆောင် ရွက်ပေးလျှက် ရှိကြောင်း MASS က ထုတ်ပြန်ဖော်ပြထားရှိသည်။

ယင်းသို့ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်တပ် အလိုကျ ဖွဲ့စည်းထားသည့် မြန်မာသတင်းမီဒီ ယာကောင်စီ၏ ဥက္ကဌမှာ အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီကွန်ယက် - Southeast Asian Press Councils Network -SEAPC ၏ အလှည့်ကျဥက္ကဌတာဝန်ကို ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာထားသည်ကို တွေ့ရသည့်အတွက် ရှမ်းပြည်နယ်အခြေစိုက် လွတ်လပ်သည့် သတင်းမီဒီယာများဖြင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်နယ် သတင်းမီဒီယာများ မဟာမိတ်အဖွဲ့ - Media Alliance of Shan State – MASS အနေဖြင့် အာဏာသိမ်းစစ်တပ်အလိုကျ ဖွဲ့စည်းထားပြီး သတင်းမီဒီယာများ အပေါ်ဖိနှိပ်ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ - MPC ကို လုံးဝ(လုံးဝ) အသိအမှတ်မပြုကြောင်း ဦးစွာ ကြေညာကြောင်း အသိပေးထားရှိသည်။ 

ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ (  Media Alliance of Shan State - MASS )သည် ရှမ်းပြည်နယ်အတွင်းမှ လွတ်လပ်သည့် သတင်းမီဒီယာ (၇)ခုဖြင့် ဖွဲ့စည်းထားသည် သတင်းဌာနများမဟာမိတ်အဖွဲ့ ဖြစ်သည်။