ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား (၃)နာရီဝန်းကျင်ကြာ တိုက်ပွဲများဖြစ်ပွား

PDF Loikaw
PDF Loikaw
ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား (၃)နာရီဝန်းကျင်ကြာ တိုက်ပွဲများဖြစ်ပွား
ဇန်နဝါရီ 2, 2022 | ကယား

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆို ရဲစခန်းအနီးနှင့် ငွေတောင်ဆည်အနီး ဘုရားငုတ်တိုရွာတစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁)ရက်က (၃)နာရီဝန်းကျင်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(လွိုင်ကော်)ထံမှ သိရသည်။

အဆိုပါ နေရာ (၂) နေရာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့များ ညနေ (၃)နာရီခွဲ ဝန်းကျင်မှ ည (၆)နာရီခွဲဝန်းကျင်ခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မှ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဒီးမော့ဆို မြို့မရဲစခန်းကပ်ရပ်၊ ဘုရားစေတီဝိုင်းထဲ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ KNDF နှင့် ကရင်နီတပ်မတော် (KA) တိုမှ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ သေဆုံးသူများရှိသည်ဟု KNDF က ထုတ်ပြန်သည်။



 အဆိုပါ တိုက်ပွဲတွင် လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KGZ၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။