တာချီလိတ်မြို့တွင် ရဲစခန်းထောက်ခံစာ ရယူသူတိုင်း ဝန်ဆောင်ခဟုဆိုကာ  မဖြစ်မနေ ငွေကြေးပေးနေရ 

တာချီလိတ်မြို့တွင် ရဲစခန်းထောက်ခံစာ ရယူသူတိုင်း ဝန်ဆောင်ခဟုဆိုကာ  မဖြစ်မနေ ငွေကြေးပေးနေရ 
ဒီဇင်ဘာ 2, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့မရဲစခန်းများတွင် ယခင်က ရဲစခန်းထောက်ခံစာ ရယူသူများ ငွေကြေးမပေးရသော်လည်း ယခုအခါတွင် ဝန်ဆောင်ခ ဟုဆိုကာ ထောက်ခံစာရယူသူများ အားလုံး ငွေကြေးပေးနေရသည်။

"OSS ရုံးစနစ်တကျ ဝန်ဆောင်မှုပေးတဲ့ အချိန် ဘယ်ဌာနပဲ ဖြစ်ဖြစ် ဘာမှ မကောက်ခံရဆိုပြီး ညွှန်ကြားထားတော့ မပေးရတော့ဘူး အခု စကစ လက်ထက်ကျတော့ အရင်မကောက်ခိုင်းတဲ့အတွက် အခု အတိုးချပြီး ကောက်နေသလိုပဲ ရဲစခန်းထောက်ခံစာဆိုတာ ပြစ်မှုကင်းရှင်းကြောင်းပဲ ထောက်ခံပေးရတာ။ ဒါကို စာထဲမှာ မှတ်ချက် ပါလာပြီး ဘာလုပ်ဖို့ အတွက်လိုတာလဲဆိုတာ ကြည့်ပြီး ဘတ် (၁၀၀၀)အထိတောင်းတယ်။ သိပ်မတက်နိုင်တဲ့သူဆို အနည်းဆုံးဘတ် (၂၀၀)အထက် မနည်းစေရဆိုပြီး ထည့်ခိုင်းတယ်။  အလှူခံတာ မဟုတ်ဘူးနော် ပေါ်တင်တောင်းတာ ဝန်ဆောင်ခလို့ ပြောပြီးကို တောင်းတာ"ဟု ကိုယ်တိုင်ပေးခဲ့ရသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် တော်တော်များများမှာ အသစ်များဖြစ်နေကြပြီး ငွေကြေးကိစ္စများနှင့် ပတ်သက်၍ အတောင်းကြမ်းသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

"အရင်နဲ့မတူဘူး။ ထောက်ခံစာ သွားလုပ်ရင် ဝန်ဆောင်ခ ဆိုပြီးတောင်းတာ။ အာဏာမသိမ်းခင်ကတော့ OSS ရုံးရှိသေးတယ်။ OSS ရုံးမှာဆို မပေးရဘူး။ ခုက OSS ရုံးပါ အာဏာသိမ်းခံရသလားမသိပါဘူး။ OSS ရုံးလည်းမရှိတော့ဘူး။ ရဲစခန်းမှာ သွားယူရင် ရဲစခန်းထဲ ဝင်တာနဲ့ ကြောက်နေရတယ်။ အရင်နဲ့လုံးဝ ကွာခြားသွားပြီ။ အသိတစ်ယောက်ဆိုရင် အမှုကိစ္စတခုဖြစ်လိုက်တာ စခန်းမှူးက အစ ရဲအုပ်တွေကနေ ဂတ်စာရေးအထိ ပေးရတာ အတော်ကို အတောင်းကြမ်းကြတယ်။ ဘယ်သူမှ ထိန်းမနိုင်တော့ဘူးလားမသိဘူး"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ်၏ နှစ်ဝက်ကာလအတွင်း ညပိုင်းများတွင် ညမထွက်ရ အမိန့်ဖောက်ဖျက်၍ဟုဆိုကာ တာချီလိတ်မြို့မရဲစခန်းအဖွဲ့ နှင့် ဟောင်လိတ်ရဲကင်းစခန်းအဖွဲ့တို့က ထိုင်းနိုင်ငံသား နှင့် တရုတ်နိုင်ငံသားများကို ထိုင်းဘတ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံမှုများရှိသလို၊ မြန်မာနိုင်ငံသားများအပေါ်လည်း ဘတ်ငွေ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ တောင်းခံမှုများ ရှိခဲ့ကြောင်းနှင့် ယခုကာလတွင်လည်း လောင်းကစားဂိမ်းခုံများနှင့် KTV များအထိ လစဉ်သတ်မှတ်ကြေးများ တောင်းခံနေလျက်ရှိသည်ဟု သိရသည်။