Stay at Home ပယ်ဖျက်လိုက်သည့် ကျိုင်းတုံမြို့တွင် လေကြောင်းခရီးများ ဒီဇင်ဘာလအစတွင် ပြန်လည် စတင်မည်၊ ခရီးသည်များ Covid-19 အခမဲ့ စစ်ဆေးနိုင်

Stay at Home ပယ်ဖျက်လိုက်သည့် ကျိုင်းတုံမြို့တွင် လေကြောင်းခရီးများ ဒီဇင်ဘာလအစတွင် ပြန်လည် စတင်မည်၊ ခရီးသည်များ Covid-19 အခမဲ့ စစ်ဆေးနိုင်
နိုဝင်ဘာ 30, 2021 | ရှမ်းရှေ့

Stay at Home ပယ်ဖျက်လိုက်သည့် ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ၏ ပထမပတ်အတွင်း လေကြောင်းများ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲတော့မည်ဖြစ်၍ လေယာဉ်စီးခရီးသည်များကို Covid-19  အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကျိုင်းတုံ ကျန်းမာရေးက အသိပေးထားကြောင်း သိရသည်။

ဒီဇင်ဘာလ၏ ပထမပတ်အတွင်း၌ စတင်မည့် လေကြောင်းခရီးစဉ်အတွက် လက်မှတ်များ ကြိုတင်ရောင်းချနေလျက်ရှိရာ လေယာဉ်စီးမည့် ခရီးသည်များ လေယာဉ်မစီးမှီ တစ်ရက်ကြိုတင်ပြီး Covid-19 ကူးစက်ခံထားရမှု ရှိ မရှိ ကို ကျန်းမာရေးဌာနတွင် RDT test Kit ဖြင့် နေ့စဉ် နံနက် (၉)နာရီမှ နံနက်(၁၁)နာရီခွဲအချိန်အထိ လာရောက်စစ်ဆေးနိုင်ကြောင်း ကျိုင်းတုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ(၂၉)ရက်နေ့က လေယာဉ်လက်မှတ်အရောင်းဌာနများမှတဆင့် အသိပေးအကြောင်းကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ်စီးခရီးသည်များအနေဖြင့် Covid-19 စစ်ဆေးရန်အတွက် လေယာဉ်လက်မှတ် နှင့် မှတ်ပုံတင်ပါရှိရမည်ဖြစ်ပြီး Covid-19 ရှိ မရှိကို အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း နှင့် လက်မှတ်ဝယ်ယူပြီး Covid-19 စစ်ဆေးသည့်အခါ ပိုးတွေ့ရှိပါက လက်မှတ်အရောင်းဌာနသို့ ပြန်လည်ဆက်သွယ်ကာ ရက်ပြောင်းခြင်း ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ တာချီလိတ် နှင့် မိုင်းဆတ်မြို့တို့တွင် လေဆိပ်များရှိသော်လည်း တာချီလိတ် နှင့် ကျိုင်းတုံလေဆိပ်တို့မှာ အဓိက အားဖြင့် လေကြောင်းများ ပျံသန်းလေ့ရှိသော်လည်း ယခုအခါမှာ တာချီလိတ်မြို့အား Stay at Home အဖြစ်မှ ပယ်ဖျက်ခြင်းမရှိသေးသည့်အတွက် ကျိုင်းတုံမြို့၏ လေဆိပ်သာ အရင်ဆုံး ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။

ခရီးတွေက ကားနဲ့လည်း သွားနေကြတာပဲ။ အခုက ကိုဗစ်က ကူးချင်တိုင်း ကူးနေတာဆိုတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲလိုတယ်။ လေဆိပ်မှာလည်း ကိုဗစ်နဲ့ ပတ်သက်ပြီး သေသေချာချာ ကာကွယ်ရင် ရပါတယ်။ ပိတ်ထားတဲ့ လေဆိပ်တွေလည်း အကုန်ပြန်ဖွင့်ရင်တော့ ကောင်းပါတယ်။ မဟုတ်ရင် ကိုဗစ် ဆေးလာပို့တဲ့ တပ်ပိုင်လေယာဉ်နဲ့ ညှိပြီး ပစ္စည်းတွေကို ငွေပေးပြီး ထည့်ထည့်ပေးရတာ ကြာလာရင် အဆင်မပြေဘူး။ တခေါက်တခေါက် မနည်းဘူးပေးရတယ်လေ

ဟု ကျိုင်းတုံ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့မှစ၍ လေကြောင်းများ ပုံမှန်အတိုင်း ပြန်လည် ပျံသန်းမည်ဖြစ်ရာ အဆိုပါနေ့တွင် Air Thanlwin နှင့် Myanmar National Airlines တို့ ၏ ခရီးစဉ်များရှိပြီး တာချီလိတ်လေဆိပ် မဖွင့်သေးသည့်အတွက် တာချီလိတ်မြို့မှ ခရီးသွားလိုသူများကပါ ကျိုင်းတုံလေဆိပ်ကနေ သွားရောက်ရန်အတွက် လက်မှတ်ကြိုတင်ဝယ်ယူထားမှုများရှိနေကြောင်းလည်း သိရသည်။