လူထုသပိတ်မှောက်မှုနှင့်ရင်ဆိုင်နေရသည့်  မြန်မာပလာဇာတွင် ဈေးမရောင်းတော့ကြောင်းရေးသည့် ဆိုင်ရှင်များကို အာဏာသိမ်းအဖွဲ့က ဖိအားပေး

Photo: CJ
Photo: CJ
လူထုသပိတ်မှောက်မှုနှင့်ရင်ဆိုင်နေရသည့်  မြန်မာပလာဇာတွင် ဈေးမရောင်းတော့ကြောင်းရေးသည့် ဆိုင်ရှင်များကို အာဏာသိမ်းအဖွဲ့က ဖိအားပေး
နိုဝင်ဘာ 28, 2021 | အခြားဒေသများ

အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့်အမျိုးသမီးကို ရိုက်နှက်ဖမ်းဆီးမှုကြောင့် လူထုသပိတ်မှောက်မှုနှင့်ရင်ဆိုင်နေရသော ရန်ကုန်မြို့ရှိ ဗီယက်နမ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်သော မြန်မာပလာဇာ (Myanmar Plaza) တွင် မရောင်းချတော့ကြောင်း အသိပေးကြော်ငြာထားမှုများကို ဖယ်ရှားပြီး ၎င်းတို့ရေးသားခိုင်းသည့်စာသားများကို အစားထိုးဖေါ်ပြရန်  အာဏာသိမ်းအဖွဲ့က  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဆိုင်ရှင်များအား ဖိအားပေးနေကြောင်း သိရသည်။

အရင်ရေးထားတဲ့ ပို့စ်တွေကို ဖျက်ရမယ်ပြောတယ်။ သူတို့ပြောတဲ့အတိုင်း ရေးတင်ရမယ်လို့ ပြောတယ်

ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ အတည်ပြုပြောကြားသည်။

မြန်မာပလာဇာ (Myanmar Plaza) တွင် ဆိုင် မဖွင့်တော့ကြောင်း၊ ပွဲ မလုပ်တော့ကြောင်း၊ အဆိုပါပလာဇာသို့ ပစ္စည်းအမှာများ မပို့တော့ကြောင်း လူမှုကွန်ယက်မှတစ်ဆင့် အများပြည်သူအား အသိပေးကြော်ငြာထားသည့် ဆိုင်ခန်းပိုင်ရှင်များကို အာဏာသိမ်းအဖွဲ့က ခေါ်ယူပြီး ယခင်ရေးသားထားသည့် ပို့စ်များဖျက်ပြီး ၎င်းတို့ရေးသားခိုင်းသည့် စာသားများ ပြန်လည်ဖေါ်ပြခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး ကမ္ဘာတစ်လွှားမှလှုပ်ရှားမှု စတင်သည့် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗီယက်နမ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း မြန်မာပလာဇာတွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့် အမျိုးသမီးကို ပလာဇာ၏ လုံခြုံရေးအဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုကြောင့် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် မြန်မာပလာဇာတွင် ဈေးမဝယ်ရန် လူထုသပိတ်မှောက်မှုကို အကြီးအကျယ်ကြုံတွေ့လိုက်ရပြီး ညတွင်းချင်းမှာပင် ပလာဇာတာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းမှုများလုပ်နေကြောင်း ထုတ်ပြန်ခဲ့ကာ အဆိုပါဖြစ်ရပ်မှ ထိခိုက်ခံစားရသူများနှင့် အများပြည်သူကို အနူးအညွတ်တောင်းပန်ပါသည်ဟု နိုဝင်ဘာ (၂၆) ရက်နေ့တွင် ထုတ်ပြန်သည်ကို တွေ့ရသည်။

 

ယင်းဖြစ်ရပ်အပြီးတွင် အာဏာသိမ်းအဖွဲ့က မြန်မာပလာဇာကို လက်နက်ကိုင်အများအပြားဖြင့် လုံခြုံရေးပေးခဲ့သည်ကို တွေ့ရပြီး လူထု၏ သပိတ်မှောက်မှုလည်း ဆက်လက်ရှိနေကာ google map တွင် မြန်မာပလာဇာအမည်အား ဘောမပလာဇာဟု ပြောင်းလဲပစ်လိုက်ကြသည့်အပြင်  နောက်ရက်များတွင် ပလာဇာသို့ လာရောက်သူလုံးဝမရှိတော့ဘဲ ဖြစ်သွားသည်ကို တွေ့ရသည်။

အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်မှုအပေါ် အကြမ်းဖက်ဖမ်းဆီးခြင်း၊ အမျိုးသမီးတစ်ဦးအပေါ် ပလာဇာလုံခြုံရေးအဖွဲ့က ကိုယ်ထိလက်ရောက်ကျူးလွန်မှုများကြောင့် မြန်မာပလာဇာတွင် ဈေးမဝယ်ကြရန်၊ မသွားလာကြရန် လူမှုကွန်ယက်မှတစ်ဆင့် Boycott Campaing လုပ်နေကြသည်ကို တွေ့ရပြီး အဆိုပါ Boycott လုပ်သူများအား လှောင်ပြောင်သရော်နေကြသူများကိုလည်း တွေ့နေရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ စစ်တပ်နှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ စစ်တပ်အား ထောက်ခံသည့်လုပ်ငန်းများအား အသုံးမပြု၊ မရောင်း၊ မဝယ်ဘဲ သပိတ်မှောက်ကြသည့် လှုပ်ရှားမှုများ လူထုကြားတွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး မြန်မာဘီယာနှင့် Mytel သည် လူထုသပိတ်မှောက်မှုကို အဓိကရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ဈေးဆိုင်ခန်းများ၊ ဘားများ၊ ရုံးခန်း၊ ဟိုတယ်စသည့် လုပ်ငန်းများစွာဖြင့်  ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အချက်အခြာကျသည့်နေရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ထားသည့် မြန်မာပလာဇာကို  ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai (HAGL) Group က  လုပ်ကိုင်နေခြင်းဖြစ်သည်။

အဆိုပါမြေနေရာတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌတာဝန်ယူထားသည့် ဦးစိုးသိန်းက ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။