ဂန့်ဂေါမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း မိုင်းခွဲခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး ကျည်များလည်း သိမ်းဆည်းရမိ

Photo: YDF
Photo: YDF
ဂန့်ဂေါမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း မိုင်းခွဲခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး ကျည်များလည်း သိမ်းဆည်းရမိ
နိုဝင်ဘာ 22, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ခေါက်ခူရွာနှင့် ရှောက်ပင်ရွာအကြား  ဒေသကာကွယ်ရေးအဖွဲ့များက မိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်သည့်အတွက် အာဏာသိမ်းစစ်တပ်ဘက်က  (၁၁)ဦးသေဆုံးပြီး (၂၀)ကျော် ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က နိုဝင်ဘာလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကား(၅)စီးအား  ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) နှင့် CDF-KKG တပ်ရင်း (၅)တို့ ပူးပေါင်းတပ်ဖွဲ့မှ မိုင်(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား(၂)စီး ထိခိုက်ပျက်စီးသွားပြီး ခြင်း ဖြစ်သည်။ 

မိုင်းခွဲခံရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိသည့်အပြင် အာဏာသိမ်းစစ်တပ်၏ ကျည် အတောင့် (၄၀၀)ကျော် နှင့်  ယူနီဖောင်း (၂)စုံ၊ ကျည်ဘောက် (၂)ခု၊ ဘေးအိတ် (၁)စုံ၊ အပူချိန်တိုင်းစက်(၁)ခု၊ တီရှုပ်၊ ဖိနပ် နှင့် ဓါတ်ပုံများ သိမ်းဆည်းရမိကြောင်း သိရသည်။