CIA လက်ထောက်ညွှန်မှူးနှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး မြန်မာ့အရေး ထည့်သွင်း ဆွေးနွေး

CIA ၏  လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်သို့ ရောက်ရှိစဉ် [ Photo: Wassana Nanuam ]
CIA ၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်သို့ ရောက်ရှိစဉ် [ Photo: Wassana Nanuam ]
CIA လက်ထောက်ညွှန်မှူးနှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး မြန်မာ့အရေး ထည့်သွင်း ဆွေးနွေး
နိုဝင်ဘာ 20, 2021 | နိုင်ငံတကာသတင်း

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာတို့  မြန်မာ့ လုံခြုံရေးအခြေအနေနှင့် ထိုင်းနိုင်ငံတွင်းမှ လူသားချင်းစာနာမှုအကူအညီများအကြောင်း ပါဝင်သည့် တံခါးပိတ်အစည်းအဝေးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့က ပြုလုပ်သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖေါ်ပြထားသည်။ 

တရားဝင်ထုတ်ပြန် အသိပေးထားခြင်းမရှိသည့် အဆိုပါတွေ့ဆုံမှုမှာ အချိန် (၄၅) မိနစ်ဝန်းကျင်ကြာမြင့်ပြီး သတင်းမီဒီယာများကို ဝင်ခွင့်မပေးခဲ့ကြောင်း သိရသည်။

မြန်မာ့အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများမှ အကူအညီပေးအပ်ရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ကို အဓိကထားဆွေးနွေးခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ထိုင်းနိုင်ငံက ဥက္ကဌအဖြစ် အလှည့်ကျတာဝန်ယူမည့်  အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ်တွင် အမေရိကန်က ပံ့ပိုးမည့်ကတိကဝတ်နှင့် ထိုင်း - အမေရိကန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်၊ စီးပွားရေး လုံခြုံမှုအခြေအနေတို့ကိုလည်း ဆွေးနွေးသည်ဟု  အစိုးရအိမ်တော်သတင်းရင်းမြစ်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြသည်။ 

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Supoj Malaniyom က  ထိုင်းနှင့် အာဆီယံအဖွဲ့ဝင်များကြား လုံခြုံရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်မှု အားကောင်းရေးကို ဆွေးနွေးခြင်းဖြစ်သည်ဟု ဆိုထားပြီး  အမေရိကန်အေဂျင်စီနှင့် ထိုင်းအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် သတင်းအချက်အလက်မျှဝေရန်အတွက် CIA အမှုဆောင်တစ်ဦးသည် ထိုင်းနိုင်ငံသို့ တစ်နှစ်လျှင် တစ်ကြိမ်  ပုံမှန်လာရောက်လေ့ရှိသည်ဟု ဆိုသည်။

CIA လက်ထောက်ညွှန်ကြားရေးမှူးသည် ထိုင်းအစိုးရလုံခြုံရေးရာကိစ္စများ၏တာဝန်ရှိသူလည်းဖြစ်သည့် ဒုဝန်ကြီးချုပ် Prawit Wongsuwon နှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ၎င်းတို့နှစ်ဦးကြား ခင်မင်မှုအရ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံမှုသာဖြစ်ပြီး လုံခြုံရေးဆိုင်ရာဆွေးနွေးမှုမရှိကြောင်း ဒုဝန်ကြီးချုပ်က ငြင်းဆိုသည်။

CIA လက်ထောက်ညွှန်ကြားရေးမှူးသည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် အခြားအာဆီယံနိုင်ငံ (၂) ခုကိုလည်း သွားရောက်မည်ဟု သိရသည်။

မကြာမီကလည်း မြန်မာနိုင်ငံသို့ သွားရောက်စဉ် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ထုတ်ဖေါ်ပြောဆိုထားပြီး မည်သည့်အတွက်သွားသည်ကို အသေးစိတ် ထုတ်ပြန်ခြင်းမပြုဘဲထားသည်ကို တွေ့ရသည်။



Source: Bangkok Post