ထိုင်းနိုင်ငံတွင် အိမ်ရှင် ပြင်သစ်အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးနောက် အိမ်အကူကို ဘတ်သန်း(၁၀၀)တန်ဖိုးရှိ ပိုင်ဆိုင်မှုများနှင့် ကြောင်(၃)ကောင်ကို ပေးခဲ့

ထိုင်းနိုင်ငံတွင် အိမ်ရှင် ပြင်သစ်အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးနောက် အိမ်အကူကို ဘတ်သန်း(၁၀၀)တန်ဖိုးရှိ ပိုင်ဆိုင်မှုများနှင့် ကြောင်(၃)ကောင်ကို ပေးခဲ့
By Mr John

 ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် ကော့စမွီကျွန်းပေါ်ရှိ ဇိမ်ခံစံအိမ်ကြီးတွင် နေထိုင်ခဲ့သည့် အသက် (၅၉) နှစ်အရွယ် Catherine Delacote ဆိုသူ ပြင်သစ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားခဲ့သည်။ 

Catherine က ဘတ် သန်း (၁၀၀) (အမေရိကန်ဒေါ်လာ ၂.၇ သန်းခန့်) တန်ဖိုးရှိ ပိုင်ဆိုင်မှုများနှင့် ကြောင် (၃) ကောင်ကို Nutwalai Phupongta ခေါ် Pa Tim အမည်ရှိ သူမ၏ အိမ်အကူ ထိုင်းအမျိုးသမီးအတွက် အမွေအဖြစ် ချန်ထားရစ်ခဲ့ကြောင်း သေတမ်းစာတွင် ရေးသားထားသည်။

၎င်း၏ အိမ်ရှင် Catherine ၏ ကြေကွဲစရာ သေဆုံးမှု ဖြစ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်ပြီး ဝမ်းနည်းရကြောင်း ဆခွန်နာခွန်ပြည်နယ် Niwas ခရိုင်မှ အသက် (၄၉) နှစ်အရွယ် အိမ်အကူအမျိုးသမီး  Nutwalai က ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ငိုကြွေးရင်း ပြောသည်။ 

အိမ်အကူ ထိုင်းအမျိုးသမီးက Catherine နှင့် သိကျွမ်းခဲ့သည်မှာ (၁၇) နှစ်ကျော်ပြီဟု ဆိုသည်။

သူငယ်ချင်းတစ်ဦးက သူမကို Catherine နှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး Catherine ၏ နေအိမ်တွင် အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ 

ထို့နောက် ပြင်သစ်အမျိုးသမီး Catherine က သူမ၏ စီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ တိုးချဲ့လာခဲ့ပြီး ကော့စမွီ အပန်းဖြေကျွန်းပေါ်တွင် ရေကူးကန်ပါသော ဇိမ်ခံစံအိမ် (၅) လုံး ပိုင်ဆိုင်လာခဲ့သည်။ 

Nutwalai မှာ Catherine ထံတွင် အိမ်အကူအဖြစ် ဆက်လက် လုပ်ကိုင်နေခဲ့ပြီး လစာ ဘတ် (၂၂,၀၀၀) ရရှိသည်ဟု ဆိုသည်။

ကြေကွဲစရာကောင်းသည့် ယခုဖြစ်ရပ် မတိုင်မီ ၂၀၂၄ ခုနှစ် ဧပြီလ (၂၈) ရက်နေ့တွင် Nutwalai က ပုံမှန်အတိုင်း Catherine နေအိမ်သို့ သန့်ရှင်းရေးလုပ်ရန် သွားရောက်ခဲ့သည်။ 

ထိုနေ့မှာ Nutwalai ၏ မွေးနေ့ဖြစ်ရာ သူမက ဘုရားသွားရန် ခွင့်ယူမည်ဟု Catherine ထံ ခွင့်တိုင်ခဲ့သည်။ 

Catherine ကလည်း ခွင့်ပြုခဲ့ကြောင်းနှင့် သူမကို ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေဟု ဆုတောင်းပေးခဲ့ကြောင်း Nutwalai က ပြန်ပြောပြသည်။

နောက်တစ်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင်မူ Catherine မှာ ရေကူးကန်ဘေးတွင် သွေးသံရဲရဲဖြင့် လဲကျနေကြောင်း ရေကူးကန် သန့်ရှင်းရေးသမားက Nutwalai ကို ဖုန်းဆက်ပြောခဲ့သည်။ 

Nutwalai မှာ ထိုသတင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး Catherine ၏ နေအိမ်သို့ အပြေးအလွှား သွားရောက်ခဲ့သည်။ 

နေအိမ်သို့ ရောက်ရှိချိန်တွင် သူမ၏ အိမ်ရှင် Catherine ကို နားထင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်သား တွေ့ခဲ့ရသည်။

Nutwalai က သူမ၏ LINE မက်ဆေ့ချ်များကို စစ်ဆေးကြည့်ပြီးနောက် Catherine ထံမှ ပေးပို့ထားသော မက်ဆေ့ချ်ကို တွေ့ရသည်။ 

ထိုမက်ဆေ့ချ်တွင် မီးခံသေတ္တာထဲ၌ နှုတ်ဆက်စကားနှင့်အတူ သေတမ်းစာတစ်စောင် ထားရစ်ခဲ့ကြောင်း ပြောထားသည်။ 

ထို့နောက် Nutwalai နှင့် Catherine ၏ မိတ်ဆွေများက မီးခံသေတ္တာကိုဖွင့်၍ စာကို အတူဖတ်ကြည့်ခဲ့ကြသည်။ 

စာထဲတွင် Catherine က နှုတ်ဆက်စကား ပြောထားပြီး သူမ၏ ပိုင်ဆိုင်မှုများကို Nutwalai အတွက် ချန်ထားရစ်ခဲ့ကြောင်း ရေးသားထားသည်။

Catherine က သူမ၏ ဇိမ်ခံစံအိမ်နှင့်အတူ မြေလွတ် (၂) ဧက၊ တန်ဖိုးကြီး ဇိမ်ခံကားများ၊ ကျောက်မျက်ရတနာများ၊ လက်စွပ်များ၊ မီးခံသေတ္တာထဲတွင် သိမ်းဆည်းထားသော စိန်များနှင့် ဘဏ်တွင်ရှိသော ငွေအားလုံးကို Nutwalai အတွက် အမွေဆက်ခံရန် ချန်ထားရစ်ခဲ့ကြောင်း သေတမ်းစာတွင် ပြောထားသည်။ 

Catherine က သူမ၏ အခြား ဇိမ်ခံစံအိမ် (၂) လုံးကိုလည်း Nutwalai ၏ ခင်ပွန်းဟောင်း Vincent ကို ပေးအပ်ခဲ့သည်။ 

ထို့အပြင် ပြင်သစ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက သူမ၏ ကြောင် (၃) ကောင်ကို ဂရုစိုက် စောင့်ရှောက်ပေးရန် Nutwalai ကို မေတ္တာရပ်ခံထားကြောင်း သိရသည်။

"သူ့ကို ကျွန်မနဲ့အတူ ရှိနေစေချင်ပါတယ်။ ဒီလို မဖြစ်စေချင်ပါဘူး။ သူ့ဆီကနေ ကျွန်မ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို ဆုံးရှုံးခဲ့ရပြီလေ။ ကျွန်မ ဝမ်းနည်းပက်လက် ဖြစ်ရပြီး သူ့ကို အရမ်း သတိရပါတယ်။ သူ ကျွန်မကို ထားမသွားစေချင်ဘူး။ ဒီနှစ်တွေထဲမှာ သူက ကျွန်မကို စောင့်ရှောက်ပေးခဲ့တယ်လေ။ ကျွန်မအတွက် အမေတစ်ယောက်လိုပါပဲ။ သူ့ဆန္ဒတွေကို ကျွန်မ အကောင်းဆုံး လုပ်သွားပါမယ်" ဟု Nutwalai က ဖွင့်ဟခဲ့သည်။

 

 Source: Bangkok Post, Khaosod