ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေ၊ အာဏာသိမ်းအဖွဲ့က (၄)ဦးသေကာ ပူးပေါင်းအဖွဲ့ဘက်က (၂)ဦး ဒဏ်ရာရထား

ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေ၊ အာဏာသိမ်းအဖွဲ့က (၄)ဦးသေကာ ပူးပေါင်းအဖွဲ့ဘက်က (၂)ဦး ဒဏ်ရာရထား
နိုဝင်ဘာ 4, 2021 | ရှမ်းတောင်| ကယား

ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေးစုပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး လတ်တလောတွင် အာဏာသိမ်းစစ်တပ်ဘက်က (၄)ဦးသေဆုံးထားပြီး ဒေသကာကွယ်ရေးအဖွဲ့များဘက်က (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း လွယ်ဟွဲကျေးရွာတွင် အင်အားများဖြင့် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်အား PK-PDF, KGZ, LKW-PDF, MB-PDF, အလယ်ပိုင်းတိုင်း PDF, DMO-PDF တို့ ပူးပေါင်းပြီး ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့ နံနက်(၇)နာရီကစ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ညနေပိုင်းအထိ ဆက်လက်ပြင်းထန်နေသည်ဟု ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။ 

တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က အနည်းဆုံး (၄)ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိထားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က (၂)ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အင်အားများဖြင့် ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာဘက်သို့ နိုဝင်ဘာလ၏ အစကတည်းက ထိုးစစ်ဆင်ခြင်း၊ တပ်စွဲခြင်း နှင့် ကျေးရွာရှိ နေအိမ်မီးရှို့ခြင်းများကို လုပ်ဆောင်နေ၍ ဒေသခံပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။