မူဆယ်ခရိုင်အတွင်း နှစ်ရက်ဆက်တိုက် သေနတ်ဖြင့် လုပ်ကြံပစ်သတ်မှုဖြစ်ပွားပြီး အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦး သေဆုံး

မူဆယ်ခရိုင်အတွင်း နှစ်ရက်ဆက်တိုက် သေနတ်ဖြင့် လုပ်ကြံပစ်သတ်မှုဖြစ်ပွားပြီး အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦး သေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မောင်းလာသည့် အမျိုးသား (၁) ဦးကို ဆိုင်ကယ်ဘေးချင်းကပ် သေနတ်ဖြင့်ပစ်ခတ်သွား၍ သေဆုံးသွားပြီး နိုဝင်ဘာလအတွင်း မူဆယ်ခရိုင်တွင် ဒုတိယမြောက် သေနတ်ပစ်ခံရပြီး သေဆုံးသူဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက်အတွင်း ကချင်ဈေးနှင့် အထက (၂) ကျောင်းကြား ကားလမ်းမတွင် ယနေ့ နိုဝင်ဘာလ (၂) ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၂၀) ဝန်းကျင် ကိုစိုင်းကို အမည်မသိ သေနတ်သမား (၂) ဦးက ဆိုင်ကယ်ဘေးချင်းကပ်ယှဉ်မောင်းကာ နားထင်ကို သေနတ်ဖြင့် ပစ်ခတ်သွား၍ နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်သည့်အကြောင်းရင်းနှင့် မည်သူက ပစ်ခတ်သည်ကို မသိရသေးဘဲ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသည့် အမျိုးသားအလောင်းကို မူဆယ်မြို့ရှိ ကရုဏာ လူမှုကူညီရေးအသင်း( မူဆယ် )က  မူဆယ်ပြည်သူ့ဆေးရုံသို့ သယ်ပို့ထားကြောင်း သိရသည်။

အလားတူ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ အောင်မင်္ဂလာရပ်ကွက်တွင်လည်း  နိုဝင်ဘာလ ( ၁ )ရက်နေ့ ည (၉)နာရီခွဲကျော်က အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်နှစ်စီးနှင့် အမျိုးသား (၄) ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသဖြင့် အမျိုးသမီးမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကိုလည်း မည်သူက လုပ်ဆောင်သွားသည်ကို မသိရသေးကြောင်း သိရသည်။