ရှမ်းပြည်နယ်အတွင်း CDM မြေစာရင်း ဝန်ထမ်း (၂၇)ဦးအား အတိုးမဲ့ချေးငွေ နှင့် ခံဝန်ချုပ်ဒဏ်ကြေးဟုဆိုကာ အာဏာသိမ်း အဖွဲ့၏ လက်အောက်ခံများက စာပို့ပြီး ပြန်တောင်းနေ

ရှမ်းပြည်နယ်အတွင်း CDM မြေစာရင်း ဝန်ထမ်း (၂၇)ဦးအား အတိုးမဲ့ချေးငွေ နှင့် ခံဝန်ချုပ်ဒဏ်ကြေးဟုဆိုကာ အာဏာသိမ်း အဖွဲ့၏ လက်အောက်ခံများက စာပို့ပြီး ပြန်တောင်းနေ
နိုဝင်ဘာ 2, 2021 | ရှမ်းတောင်

စစ်အာဏာသိမ်းမှုကို လက်မခံနိုင်၍ CDM လုပ်ဆောင်ထားသည့် ရှမ်းပြည်နယ်အတွင်း မြေစာရင်းဝန်ထမ်းများထဲက ရာထူးတာဝန်ကနေ ထုတ်ပယ်ခံထားရသည့် လက်ထောက်ဦးစီးမှူး နှင့် မြေတိုင်းဝန်ထမ်း (၂၇)ဦးအား အတိုးမဲ့ချေးငွေ(၂)လစာ နှင့် ခံဝန်ချုပ်ဒဏ်ကြေးများ ပေးသွင်းရန် အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံများမှ အောက်တိုဘာလအတွင်းက နေအိမ်အရောက် အကြောင်းကြားစာများ ပေးပို့လာကြောင်း သိရသည်။

 

အတိုးမဲ့ ချေးငွေပြန်တောင်းစာမှာ ၂၀၂၁ခုနှစ် ဇွန်လ(၃၀)ရက်နေ့က လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန က ထုတ်ထားသော်လည်း အောက်တိုဘာလ၏  တတိယပတ်အတွင်းကမှ နေအိမ်အရောက် လိုက်လံပေးပို့လာခြင်း ဖြစ်သည်ဟု သိရသည်။

"ဇွန် (၃၀)ဆိုပေမယ့် ရုံးကတော့ အောက်တိုဘာကမှ အိမ်ကို လာပို့သွားတာ။ သိရှိကြောင်းလည်း လက်မှတ်ထိုးခိုင်းတယ်။ အဲ့ရှေ့မှာတစ်ကြိမ်ရယ်ဆို (၂)ကြိမ်ရှိပြီပို့တာ"ဟု အမည်မဖော်လိုစသူတစ်ဦးက  Tachileik News Agency သို့ နိုဝင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။

NLD အစိုးရလက်ထက်က Covid-19 ကာလအတွင်း ဝန်ထမ်းများ အဆင်ပြေရေးအတွက်  အတိုးမဲ့လစာ(၂)လစာကို ထုတ်ချေးပေးထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် CDM လုပ်ဆောင်သည့် ဝန်ထမ်းများအနေဖြင့် အတိုးမဲ့လစာငွေများကို ပေးချေစရာမလိုတော့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က တရားဝင် အသိပေးထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်တပ်က အတိုးမဲ့ချေးငွေများကို ပြန်တောင်းနေခြင်း ဖြစ်သည်။