အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်း အာဏာသိမ်းတပ်နှင့် MNDAA တို့ တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုပြင်းထန်နေ

အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်း အာဏာသိမ်းတပ်နှင့် MNDAA တို့ တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုပြင်းထန်နေ
အောက်တိုဘာ 24, 2021 | နိုင်ငံရေး| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ကြား ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှု ပြင်းထန်လာနိုင်ကြောင်း သိရသည်။

မုံးကိုးခရိုင်အတွင်း အောက်တိုဘာလ (၂၂) ရက်နေ့က အာဏာသိမ်းတပ်နှင့် ကိုးကန့် MNDAAတပ် တို့ကြား တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားရာတွင် အာဏာသိမ်းတပ်ဘက်မှ (၈) ဦးထက် မနည်း သေဆုံးဒဏ်ရာရသည်ဟု ကိုးကန့်က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့က နံနက် (၈)နာရီခွဲဝန်းကျင်တွင် ဖောင်းဆိုင်ဒေသဘက်မှ အာဏာသိမ်းတပ်က ကိုးကန့်MNDAAတပ်ရှိရာ ကျင်ကော်ဒေသသို့ ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ကြခြင်းဖြစ်ပြီး တိုက်ပွဲတွင် နာပဖော်အခြေစိုက် အာဏာသိမ်းတပ်က ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် အာဏာသိမ်းတပ်က နာရီဝက်အကြာ၌ ပြန်ဆုတ်သွားပြီးနောက် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့ကာ ညနေ (၅) နာရီခွဲဝန်းကျင် မိုးရွာသည်ကို အခွင့်ကောင်းယူ၍ တိုက်ပွဲပြန်ဖြစ်ရာ မိနစ် (၂၀) ကျော်ကြာမြင့်ခဲ့သည်ဟု သိရသည်။

ယင်းနေ့မှာပင် ပန်းလုံရှန်ဒေသ၌လည်း  နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားသည်ဟု သိရသည်။

အာဏာသိမ်းတပ်က ကိုးကန့်MNDAAတပ်ဘက်ကို ထိုးစစ်ဆင်နေ၍ စစ်ရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းများတွင် ပြင်းထန်နိုင်ဖွယ်ရှိသည်ဟု MNDAA က သတင်းအရသိရသည်။