ဖမ်းခံထားရသည့် တာချီလိတ်မြို့မှ NLD အမတ် ဦးခင်မောင်တင့် ပြန်လည် လွတ်မြောက်

ဖမ်းခံထားရသည့် တာချီလိတ်မြို့မှ NLD အမတ် ဦးခင်မောင်တင့် ပြန်လည် လွတ်မြောက်
အောက်တိုဘာ 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အာဏာသိမ်းခံထားရသည့် ကာလအတွင်း ဖမ်းဆီးခံထားရသည့်   ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်မှာ ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က နေအိမ်၎င်း ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့်  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်သည် ယနေ့ အောက်တိုဘာလ(၁၉)ရက်နေ့တွင် လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။

 ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးသည်လည်း ဖေဖော်ဝါရီလ(၁၈)ရက်နေ့က ပြန်လည်လွတ်မြောက်သည်။

တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့မှ ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ မိုင်းဖြတ်မြို့နယ် ဥက္ကဌ ဦးအက်စ်မာဂမ် အား   မေလ(၄)ရက်နေ့တွင်  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့်အတွက် ၅၀၅-က ဖြင့် ဖမ်းဆီးခံရသူများ လွတ်ပေးရာတွင် ၎င်းအား ပြန်လည်လွတ်ပေးမည်ဟု နီးစပ်သူများက မျှော်လင့်ထားကြသော်လည်း    မိုင်းဖြတ်မြို့ရဲစခန်းတွင် (ပ)၂၆/၂၀၂၁၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည့်အတွက် လွတ်ငြိမ်းတွင် မပါဝင်ကြောင်း သိရသည်။