ဘုန်းကြီးကျောင်းများတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် တန်ပြန်ဝါဒဖြန့်ရေး တပ်တွင်းညွှန်ကြားချက် အပြင်သို့ ပေါက်ကြား

ဘုန်းကြီးကျောင်းများတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် တန်ပြန်ဝါဒဖြန့်ရေး တပ်တွင်းညွှန်ကြားချက် အပြင်သို့ ပေါက်ကြား
အောက်တိုဘာ 10, 2021 | အခြားဒေသများ

မန္တလေးတွင် သံဃာများအား ဆွမ်းကပ်ခြင်းနှင့် ကိုဗစ် ပစ္စည်းများလှူဒါန်းပြီး သတင်းတွင်ဖော်ပြကာ တန်ပြန်ဝါဒဖြန့်ရေး ညွှန်ကြားသည့်   တပ်တွင်းညွှန်ကြားချက် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အပြင်သို့ ပေါက်ကြားလာသည်။

မန္တလေးတွင် PDF နှင့် ပတ်သက်သည့် ဘုန်းကြီးများအား ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်နေရကြောင်း၊ ဘုန်းကြီးကျောင်းများတွင် သံဃာအစစ်များလည်း ရှိသည့်အတွက် တန်ပြန်ဝါဒဖြန့်နိုင်ရေး တပ်နယ်အလိုက် ဆရာ/ဒကာ စီမံချက်ကို အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နှင့် လှူဒါန်းသည့်အခါမှာလည်း သတင်းထုတ်ပြန်နိုင်ရန် ဓါတ်ပုံမှတ်တမ်းများအပြင် (၁၂)စက္ကန့်မှ (၁၅)စက္ကန့်အကြာ ဗီဒီယိုမှတ်တမ်းလည်းရိုက်ထားပြီး သတင်းအတွက်ပေးပို့ရန်

ညွှန်ကြားထားခြင်း ဖြစ်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စား တိုင်းဦးစီးချုပ်မှ တပ်နယ်မှူးများသို့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က  Video Confrencing ဖြင့် တွေ့ဆုံပြီး ညွှန်ကြားထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းပြီးနောက်ပိုင်းတွင် ယခင်ကထက် ဘုန်းကြီးကျောင်းများတွင် ကြက်ဥ၊ ဆန်၊ ဆီများ လှူဒါန်းမှု ပိုမို လုပ်ဆောင်ပြသ သလို Covid-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းတို့အား သတင်းတွင် ပါလာနိုင်ရေးအတွက် လုပ်ပြနေသည်ကိုလည်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Webiste တို့တွင် နေ့စဉ် တွေ့မြင်နေရသည်။

အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့် စကားလုံးအား အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းရောက်ရှိသည့် ဒေသတိုင်းတွင် ထည့်သွင်းပြောကြားလေ့ရှိပြီး ၎င်း၏ စစ်တပ်သည် ဘာသာရေးကို ဝါဒဖြန့်စရာအဖြစ် လက်တွေ့အသုံးချနေသည်ကို ယခု ပေါက်ကြားလာသည့် ညွှန်ကြားချက်များအရ သိရသည်။

#TachileikNewsAgency