ကျောက်မဲမြို့နယ်အတွင်း ရောဂါအခံရှိပြီး ကိုဗစ် ကူးစက်ခံထားရသူ တစ်နေ့တည်း (၃)ဦးသေဆုံး

ကျောက်မဲမြို့နယ်အတွင်း ရောဂါအခံရှိပြီး ကိုဗစ် ကူးစက်ခံထားရသူ တစ်နေ့တည်း (၃)ဦးသေဆုံး
အောက်တိုဘာ 10, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ( ၁၀ )ရက်နေ့တွင် COVID 19 ဖြင့် သေဆုံးသူ (၃) ဦးတိုးလာပြီး မြို့နယ်အတွင်း ကျေးရွာအချို့တွင် ကူးစက်သူတိုးလာနေဆဲဖြစ်သည်ဟု သိရသည်။

ယနေ့တွင် ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ(၃) ဦးသေဆုံး၍ COVID 19 ဖြင့် သေဆုံးသူစုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သည်။

ကျောက်မဲမှာ အတည်ပြုလူနာတွေ့ရှိမှု နည်းပါတယ်။ နည်းတယ်ဆိုပေမဲ့ ဆေးရုံတက်သလောက် အောက်ဆီဂျင်အသုံးပြုမှုကတော့ များတယ်။ မိုင်းလုံ တွေ့ရှိမှုကလဲ သူ့မြို့အတိုင်းအတာနဲ့ဆိုများတယ်။ မိုးကုတ် နဲ့အသွားအလာများကြတယ်။ အောက်ဆီဂျင်လဲ ပေးရတာများတယ်လို့ ပြောလို့ရတယ်။ နောင်ပိန်မှာလည်း ဒီရက်ပိုင်းများတယ်။ အဓိက ပုံဝိုးတို့၊ ရဲရွာတို့က ဖြစ်တာများတယ်။ နောင်ပိန်သီးသန့်အနေနဲ့တော့ တစ်ယောက်စ နှစ်ယောက်စတွေ့နေပြီး လုံးလုံးမပြတ်သေးဘူး

ဟု တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်မဲမြို့တွင် COVID 19 တတိယလှိုင်းအဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင်စတင်တွေ့ရှိခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် အောက်တိုဘာလ (၉) ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ ( ၁၅၆၁ ) ဦးတွေ့ရှိထားပြီး ဆေးရုံဆင်းသူ စုစုပေါင်း ( ၁၃၉၈ )ဦး၊ နေရာအသီးသီး၌ ကုသမှုခံယူနေဆဲ ( ၇၉ )ဦးနှင့် သေဆုံးသူ စုစုပေါင်း ( ၈၄ ) ဦးရှိသွားပြီဖြစ်သည်ဟု သိရသည်။