Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် ဖုန်းဆိုင်များတွင် Keypad ဖုန်း ဝယ်ယူသူများ၏ အမည်နှင့်လိပ်စာများကို စာရင်းလုပ်ထားရန် လိုက်လံအသိပေး

Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် ဖုန်းဆိုင်များတွင် Keypad ဖုန်း ဝယ်ယူသူများ၏ အမည်နှင့်လိပ်စာများကို စာရင်းလုပ်ထားရန် လိုက်လံအသိပေး
စက်တင်ဘာ 21, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ ညနေပိုင်းက Mytel တာဝါတိုင်(၂)တိုင်၏ စက်ခန်းများ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မြို့တွင်း ဖုန်းအရောင်းဆိုင်များတွင်  ခလုတ်ပါသည့်ဖုန်း ( Keypad Phone )ဝယ်ယူသူများ၏ စာရင်းများကို စုံစမ်းနေပြီး ထပ်တိုး ဝယ်ယူသူများ၏ စာရင်းများကို ပြုစုထားပေးရန်  အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံများက လိုက်လံ အသိပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဖုန်းခွဲမှုများကို ခလုတ်ပါသည့်ဖုန်းကို အသုံးပြုပြီး လုပ်ဆောင်သည်ဟုဆိုကာ ကျောက်မဲမြို့ရှိ ဖုန်းဆိုင်များတွင် ခလုတ်ပါသည့် ဖုန်း ( Keypad Phone ) ဝယ်ယူသူများရှိပါက အမည်၊ နေရပ်လိပ်စာ နှင့် ဆက်သွယ်ရန်ဖုန်း နံပါတ်များ တောင်းယူထားရန် နှင့် ယခင်က ခလုတ်ပါသည့်ဖုန်း ( Keypad Phone )ရောင်းချထားခဲ့မှု အခြေအနေများကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင်   စက်တင်ဘာ ( ၂၀ )ရက် ညနေပိုင်းက Mytel တာဝါတိုင် (၂)တိုင်၏ ဆက်သွယ်ရေးပုံးများ ဖေါက်ခွဲဖျက်ဆီးခံရပြီးနောက် ညပိုင်းများတွင် တက်ကြွလူငယ်များ နှင့် ၅၀၅ -က ဖြင့် အမှုဖွင့်ခံထားရသူများ၏ နေအိမ်များတွင် ပစ္စည်းများ ရှာဖွေခြင်းများ လုပ်ဆောင်သလို စက်တင်ဘာလ(၂၁)ရက်နေ့တွင်လည်း ဖုန်းဆိုင်များသို့ လိုက်လံအသိပေးမှုများ လုပ်ဆောင်သည်ဟု ဒေသခံများထံ က သိရသည်။

#TachileikNewsAgency

 

ဆက်စပ်သတင်း

ကျောက်မဲမြို့တွင် Mytel တာဝါတိုင်၏ စက်ခန်းများ ဖောက်ခွဲခံရပြီးနောက်  စစ်တပ်နှင့်ရဲက နေအိမ်များသို့ ညတွင်းချင်း လိုက်လံ ရှာဖွေ