တာချီလိတ်ဆေးရုံတွင် Covid-19 အတည်ပြုလူနာ ကိုယ်ဝန်ဆောင်တစ်ဦးအား အရေးပေါ် ခွဲစိတ်မီးဖွား 

တာချီလိတ်ဆေးရုံတွင် Covid-19 အတည်ပြုလူနာ ကိုယ်ဝန်ဆောင်တစ်ဦးအား အရေးပေါ် ခွဲစိတ်မီးဖွား 
သြဂုတ် 22, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံသို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့ ညနေပိုင်းက ရောက်လာသည့် Covid-19 အတည်ပြုလူနာ ကိုယ်ဝန်ဆောင်မိခင်အား အရေးပေါ်ခွဲစိတ် မီးဖွားပေးထားရပြီး မိခင်နှင့်ကလေး ကျန်းမာနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံကျေးရွာမှ အသက် (၂၅) နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ မီးဖွားရန်အတွက် ရောက်ရှိလာရာ  ၎င်းတွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိထားသည့်အတွက် PPE များ ဝတ်ဆင်ကာ ခွဲစိတ်မွေးဖွားပေးရခြင်း ဖြစ်ကြောင်း သိရသည်။ 

အတည်ပြုလူနာ ကိုယ်ဝန်ဆောင်မှာ မီးဖွားရန် ခက်ခဲနေသဖြင့်  အသက်ရှုစက်တပ်ပြီး ခွဲစိတ်မွေးဖွားပေးခဲ့ရာ ည (၇)နာရီ (၅၀) မိနစ်တွင် မီးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ကလေးမှာ 3.7kg ရှိကာ မိခင်နှင့်ကလေးမှာ ကျန်းမာနေလျက်ရှိကြောင်း သိရသည်။

မိခင်မှာ Covid-19 ရောဂါပိုး ကူးစက်ခံထားရသည့်အတွက် ၎င်းမွေးဖွားလာသည့် ကလေးငယ်အား နောက် (၃) ရက်အကြာတွင် တစ်ကြိမ်၊ (၇) ရက်အကြာတွင် တစ်ကြိမ် Covid-19 စစ်ဆေးပေးမည်ဟု သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ကူးစက်မှုမြှင့်တက်နေသည်မှာ လူဦးရေ (၂၀၀၀)ကျော်အထိရှိနေရာတွင် ကိုယ်ဝန်ဆောင်များလည်း အပါအဝင်ဖြစ်ပြီး အချို့ ကိုယ်ဝန်ဆောင်များမှာ ရိုးရိုးမွေးဖွားရသည်များလည်းရှိသလို ယခုလို ခွဲမွေးရသည်များလည်းရှိကြောင်း သိရသည်။

#TachileikNewsAgency