လွိုင်ကော်မြို့ပေါ်တွင် ပေါက်ကွဲသံများနှင့် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရ 

လွိုင်ကော်မြို့ပေါ်တွင် ပေါက်ကွဲသံများနှင့် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရ 
သြဂုတ် 4, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့ ညပိုင်းတွင် ပေါက်ကွဲသံအချို့နှင့် ပစ်ခတ်သံများကြားနေရကြောင်း သိရသည် ။ 

သေနတ်သံရော ဗုံးသံလိုမျိုးရောပေါ့။ ပစ်နေကြတယ်။ နှစ်ဖက်ပစ်ခတ်သံမျိုးပေါ့။ တစ်မြို့လုံးနီးပါးပဲ ။ စစ်တပ်ရှိတဲ့ဖက်ကလည်း လက်နက်ကြီးနဲ့ ပစ်နေတယ်။

ဟု လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လွိုင်ကော်မြို့ပေါ်တွင် ယနေ့ည (၉) နာရီကျော်ဝန်းကျင်မှစ၍  ဗုံးပေါက်ကွဲသံ၊ လက်နက်ကြီး ၊ လက်နက်ငယ်ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရပြီး မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်များဖက်မှ လက်နက်ကြီး ပစ်ခတ်မှုများလည်းရှိနေကြောင်း သိရသည်။

လက်နက်ကြီး ၊ လက်နက်ငယ်ပစ်ခတ်သံများနှင့်ပတ်သက်၍ စစ်ကောင်စီတပ်များက တစ်ဖက်သတ်ပစ်ခတ်နေခြင်းများလည်းဖြစ်နိုင်ပြီး နှစ်ဖက်ပစ်ခတ်မှုများလည်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်(KA) နှင့် KNDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီဖက်မှ (၃)ဦးကျဆုံး၍  ကရင်နီတပ်မတော် (KA) နှင့် KNDF ဖက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီတပ်များအား ဆက်လက်ခုခံတိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာထားသည်။