မူဆယ်တွင် စီးပွားရေးလုပ်ငန်းရှင်များက နေ့စဉ်စတုဒိသာကျွေးရာတွင် လာရောက်တန်းစီသူ အများအပြားက  COVID 19 ကာကွယ်ရေးသတိပေးချက်ကို လိုက်နာမှုအားနည်း

မူဆယ်တွင် စီးပွားရေးလုပ်ငန်းရှင်များက နေ့စဉ်စတုဒိသာကျွေးရာတွင် လာရောက်တန်းစီသူ အများအပြားက  COVID 19 ကာကွယ်ရေးသတိပေးချက်ကို လိုက်နာမှုအားနည်း
သြဂုတ် 3, 2021 | Covid-19| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် COVID 19 ကာလအတွင်း အခက်အခဲဖြစ်နေသူများအတွက် မူဆယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းက နေ့စဉ်စတုဒိသာအဖြစ် အစားအသောက်မျှဝေပေးနေရာ လာရောက်စောင့်ဆိုင်းသူ အများအပြားရှိနေပြီး  ကာကွယ်ရေးသတိပေးချက်ကို လိုက်နာမှုအားနည်းကြသည်ဟု သိရသည်။

တရုတ် - မြန်မာ နယ်စပ်ဂိတ် မန်ဝိန်းပေါက်အနီးရှိ အောင်ချမ်းသာဟိုတယ်ဘေးတွင် မူဆယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းက  အဟာရ စတုဒိသာလှူဒါန်းခြင်းကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၂၉ ) ရက်နေ့က စတင်နေခြင်းဖြစ်ပြီး နေ့စဉ် လာရောက်စောင့်ဆိုင်းသူအများအပြားရှိနေ၍ COVID 19 ကာကွယ်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို အသိပေးထားသည်ဟု သိရသည်။

ရောဂါပိုးတွေ့တာ အရမ်းများလာတဲ့အတွက် တစ်ချို့လူနေရပ်ကွက်တွေက လော့ဒေါင်းချထားခံရတယ်။ စတုဒိသာ လှူတဲ့နေရာမှာက လူတွေ မြင်မကောင်းလောက်အောင် တန်းစီစုဝေးနေကြတာ မြင်ရတော့ ရောဂါပိုး ထပ်ပြီးပျံ့ပွားမှာကို ကြောက်နေရတယ်။ တစ်ချို့ဆို နှာခေါင်းစည်းတောင် မပါကြဘူး 

ဟု မူဆယ်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့နယ်အတွင်း COVID 19 တတိယလှိုင်းတွင် အတည်ပြုလူနာတွေ့ရှိမှုမှာ  ဩဂုတ်လ ( ၃ )ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ( ၆၀၀ ) ကျော်ရှိနေပြီး သေဆုံးသူ ( ၆၀ ) ကျော်ရှိနေခြင်းဖြစ်သည်။