လွိုင်ကော်မြို့တွင် နေပြည်တော်မှ ပြန်လာ၍ ဖျားကာ အနံ့မရသော အမျိုးသား (၂) ဦးကို စစ်ဆေးရာ Covid-19 ပိုးတွေ့ရှိ 

Photo: ရွှေလွိုင်ကော်ပရဟိတအသင်း
Photo: ရွှေလွိုင်ကော်ပရဟိတအသင်း
လွိုင်ကော်မြို့တွင် နေပြည်တော်မှ ပြန်လာ၍ ဖျားကာ အနံ့မရသော အမျိုးသား (၂) ဦးကို စစ်ဆေးရာ Covid-19 ပိုးတွေ့ရှိ 
ဇူလိုင် 4, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့တွင် နေပြည်တော်မှ ပြန်လာသော အမျိုးသား (၂)ဦးမှာ ဖျားနာ၍ အနံ့မရသောကြောင့် ယနေ့ ဇူလိုင်လ(၄)ရက်နေ့တွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လာရောက် စစ်ဆေးရာ Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

နေပြည်တော်သို့ အတူသွားရောက်ခဲ့သည့် အမျိုးသား (၂)ဦးမှာ ၂၀၂၁ ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် လွိုင်ကော်သို့ ပြန်လာခဲ့ပြီး ဖျားနာခြင်း ၊ အနံ့မရခြင်းများ ဖြစ်နေသောကြောင့် လွိုင်ကော်ပြည်သူ့ ဆေးရုံးကြီးတွင် လာရောက် ပြသခဲ့ရာ နှစ်ဦးလုံးတွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပိုးတွေ့ရှိသူ အမျိုးသား (၂)ဦးမှာ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် နှင့် ဒေါတမရပ်ကွက်တို့တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးအား လွိုင်ကော်ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ထားရှိကုသလျှက်ရှိကြောင်း သိရသည်။ 

ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သည့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်သော မင်္ဂလာရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၅)ဦး၊ ဒေါတမရပ်ကွက်မှ အမျိုးသား(၃) အမျိုးသမီး(၃)ဦးတို့အား ရွှေလွိုင်ကော်ပရဟိတအသင်းမှ လူနာတင်ယာဥ်များဖြင့် သွားရောက်ခေါ်ဆောင်ကာ သူနာပြုသင်တန်းကျောင်းသို့  Quarantine  ဝင်ရောက်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း (၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက် Covid-19 တတိယလှိုင်းအတွင်း လွိုင်ကော်မြို့၌ Covid-19 အတည်ပြုလူနာ (၃)ဦး တွေ့ရှိပြီဖြစ်သည်။