COVID 19 အတည်ပြုလူနာ (၆၀၀)ဝန်းကျင်ရှိနေသည့် ရှမ်းမြောက်တွင် လားရှိုးမြို့မှလွဲ၍ ကျန်ဒေသများ၌ အခြေခံပညာကျောင်းများ ဆက်လက် ဖွင့်လှစ်

COVID 19 အတည်ပြုလူနာ (၆၀၀)ဝန်းကျင်ရှိနေသည့် ရှမ်းမြောက်တွင် လားရှိုးမြို့မှလွဲ၍ ကျန်ဒေသများ၌ အခြေခံပညာကျောင်းများ ဆက်လက် ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၆၀၀) ဝန်းကျင်အထိ တွေ့ထားပြီဖြစ်သော်လည်း ယမန်နေ့က Stay at Home သတ်မှတ်လိုက်သည့် လားရှိုးမြို့နယ်မှလွဲ၍ ကျန်ဒေသများတွင် အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများအား COVID 19 ကာကွယ်ရေးသတ်မှတ်ချက်များဖြင့်ဖွင့်မည်ဟု အာဏာသိမ်းအဖွဲ့က ကြေညာထားသော်လည်း COVID 19 အတည်ပြုလူနာ (၅) ဦးရှိနေသည့် ကျောက်မဲတွင်  Mask များတပ်ဆင်ခြင်းမရှိဘဲ ကျောင်းတက်နေကြသည်ဟု သိရသည်။

ကျောင်းတွေကတော့ ဖွင့်နေတာပဲ။ ဖွင့်ထားတဲ့ကျောင်းတွေက ကျောင်းဆရာ/ ဆရာမတွေရော၊ ကျောင်းသူ/ သားတွေရော အဖြူအစိမ်းမဝတ်ဘဲ လာကြတာတွေ့တယ်။ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေထားရှိဖို့ မပြောနဲ့ Mask တောင်မပါကြဘူး

 ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန်လ (၇) ရက်နေ့မှစ၍ လားရှိုးမြို့၌ အတည်ပြုလူနာ စတွေ့ရပြီးနောက် လောက်ကိုင်၊ ဟိုပန်၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊  တန့််ယန်း၊ မိုင်းရယ်၊ နမ့်လန်၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲနှင့် နောင်ချိုမြို့များအထိပါ အတည်ပြုလူနာများ ဆက်တိုက်တွေ့ရှိလာကာ ဇွန်လ (၂၈) ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၆၀၀) ဝန်းကျင်ရှိနေပြီဖြစ်သည်။

ယင်းတို့အနက် လားရှိုးတစ်မြို့တည်းမှ အတည်ပြုလူနာ (၃၀၀) ကျော်တွေ့ထားသဖြင့် ဇွန်လ (၂၇) ရက်နေ့တွင် လားရှိုးမြို့ကို Stay at Home သတ်မှတ်လိုက်ကာ ဈေး၊ အခြေခံပညာကျောင်းများနှင့် ဆိုင်များကို ပိတ်လိုက်ခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လောက်ကိုင်မြို့ကိုလည်း Stay at Home ဒေသအဖြစ် ဇွန်လ (၂၇) ရက်နေ့က ကြေညာထားသည်။

ဆရာမ (၃) ဦးနှင့် ဂေါက်ကွင်းမှ carry (၂) ဦးတို့တွင် COVID 19 တွေ့ထားရသည့် နမ္မတူမြို့အပါအဝင်  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျန်မြို့များတွင် COVID 19 ကာကွယ်ရေးကန့်သတ်ချက်များ ထုတ်ပြန်ခြင်းမရှိသေးဘဲ Mask တပ်ဆင်သူလည်း နည်းပါးနေဆဲဖြစ်သည်ဟု သိရသည်။

အခြေခံပညာကျောင်းများကို ဖွင့်လှစ်ထားသော်လည်း ကျောင်းတက်သူအရေအတွက် အနည်းငယ်သာရှိသည်ဟု သိရသည်။