လွိုင်ကော်မြို့တွင်း စစ်တပ်နှင့် နီးသည့် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်များက လက်နက်အပြည့်အစုံဖြင့် ခြေလျင်  လှည့်လည်နေ 

လွိုင်ကော်မြို့တွင်း စစ်တပ်နှင့် နီးသည့် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်များက လက်နက်အပြည့်အစုံဖြင့် ခြေလျင်  လှည့်လည်နေ 
ဇွန် 26, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များနှင့်နီးသည့် ရပ်ကွက်အချို့၌  စစ်သားများ လက်နက်အပြည့်အစုံဖြင့် ယနေ့ ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ခြေလျင် လှည့်လည်နေကြောင်း သိရသည်။ 

ဇွန်လ(၂၅)ရက်နေ့ ညပိုင်းကလည်း လွိုင်ကော်မြို့ အခြေစိုက် စစ်တပ်များမှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့ပြီး ဇွန်လ(၂၆)ရက်နေ့ နံနက် (၇)နာရီကျော် အချိန်ကစ၍ နမ့်ဘော်ဝမ် နှင့် ဧက (၅၀၀) ရပ်ကွက်အကြား လမ်းမ တစ်လျှောက်တွင် အင်အား (၇၀)နီးပါး ခြေလျှင်လှည့်လည် နေကြောင်း သိရသည်။ 

"မနက် (၇)နာရီကျော် လောက်ပေါ့နော်။ ဒီ စစ်ဆေးရုံဖက်ကနေ GTC လမ်းမကြီးဖက်ကို သွားတာတွေ့တယ်။ အဲ့နားက နမ့်ဘော်ဝမ် လမ်းဆုံလို့လည်းခေါ်တယ်။ သေနတ်အပြည့်အစုံနဲ့ ပေါ့။" ဟု ​မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဇွန်လ(၂၅)ရက်နေ့ညပိုင်းက လွိုင်ကော်မြို့ အတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်တပ် အနီးရှိ ဧက (၅၀၀) ရပ်ကွက်နှင့် နမ့်ဘော်ဝမ် ရပ်များထဲတွင် လက်နက်ကြီး ထိမှန်သည့် နေအိမ် များရှိကြောင်း ဒေသခံများထံမှ  သိရှိရသည်။ 

ဇွန်လ (၁၅)ရက်နေ့ကလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်တို့ ယာယီအပစ်ရပ် ထားခဲ့သော်လည်း စစ်ကောင်စီဖက်မှ စစ်အင်အားတိုးချဲ့ခြင်း ကျေးရွာများတွင် တပ်စွဲခြင်း၊ စစ်ရှောင်စခန်းများထိ လိုက်လံ တပ်စွဲခြင်းအပြင် ပစ်ခတ်မှုများပါ ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ