လာအိုနိုင်ငံ ရခိုင်(မြန်မာ)ရွာမှ မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန်အတွက် စာရင်းပေးမှုမှာ (၂)ရက်အတွင်း (၂၀၀)ဝန်းကျင်ရှိထားပြီး ဇွန်လ(၂၂)ရက်နေ့ နောက်ဆုံးဖြစ်၍ ကျန်ရှိသူများ လာရောက်စာရင်း ပေးနိုင်

လာအိုနိုင်ငံ ရခိုင်(မြန်မာ)ရွာမှ မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန်အတွက် စာရင်းပေးမှုမှာ (၂)ရက်အတွင်း (၂၀၀)ဝန်းကျင်ရှိထားပြီး ဇွန်လ(၂၂)ရက်နေ့ နောက်ဆုံးဖြစ်၍ ကျန်ရှိသူများ လာရောက်စာရင်း ပေးနိုင်

လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံသို့ ပြန်မည်သူများ၏ စာရင်းများကို ဇွန်လ(၂၀)ရက်နေ့က စ၍ လက်ခံပေးနေရာ ဇွန်လ(၂၁)ရက်နေ့အထိ (၂)ရက်အတွင်း စာရင်း လာရောက်ပေးသူ (၂၀၀)ဝန်းကျင်အထိ ရှိနေသလို စာရင်းပေးရန် အတွက် (၁)ရက်သာ ကျန်ရှိတော့သည့်အတွက် အမြန်ဆုံး စာရင်းလာပေးနိုင်သေးကြောင်း  အလုပ်သမားရုံးက အသိပေးထားရှိသည်။

နေရပ်ပြန်မည့်သူများ၏ စာရင်းများကို ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှ ဇွန်လ(၂၂)ရက်နေ့အထိ တရုတ်စံတော်ချိန် နံနက် (၈)နာရီမှ နေ့လည်(၁၂)နာရီအထိ နှင့် နေ့လည်(၂)နာရီမှ ည(၆)နာရီအထိ ရခိုင်ရွာအလုပ်သမားရုံး(ခ)အုပ်ချုပ်ရေးရုံးတွင် လက်ခံပေးနေခြင်း ဖြစ်ရာ စာရင်းပေးရန်အတွက် ဇွန်လ(၂၂)ရက်နေ့ တစ်ရက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

နေရပ်ပြန်ရန်အတွက် ရခိုင်(မြန်မာ)ရွာတွင်းနေသူများ အပြင် ရွာအပြင်တွင် နေထိုင်သူများအနေဖြင့်လည်း  ရခိုင်ရွာအလုပ်သမားရုံး(ခ)အုပ်ချုပ်ရေးရုံးသို့ မလာရောက်နိုင်ပါက တဆင့်အနေဖြင့် မှတ်ပုံတင်ပေး၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

နေရပ်ပြန်ရန်အတွက် ယခင်က စာရင်းပေးသွင်းထားသည့် လူဦးရေမှာ (၃၀၀)ဝန်းကျင်ရှိနေသော်လည်း ယခုအခါမှာ စာရင်းများကို အသစ်ပြန်လည် ကောက်ခံနေခြင်း ဖြစ်သည့်အတွက် ယခင်က စာရင်းပေးထာသူများအနေဖြင့်လည်း ယခုအခါမှာ စာရင်းအသစ် ပြန်လည်ပေးရမည်ဖြစ်ကြောင်း နှင့် စောင့်ရမည်ကာလမှာ ယခင်လိုတော့ မကြာနိုင်ကြောင်း သိရသည်။

ဇွန်လ(၂၂)ရက်နေ့ ညအထိ ကောက်ခံရရှိသည့် နေရပ်ပြန်စာရင်းများကို ပြုစုပြီ အထက်ဌာနအထိ တင်ပြပြီးနောက် ပြန်ခွင့်ကျလာပါက မြန်မာနိုင်ငံ တာချီလိတ်ခရိုင်ဘက်သို့ စာရင်းပေးပို့ပြီး ပြန်မည့်ရက် ညှိနှိုင်းကာ ပြန်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နှင့် ပြန်ရမည့် ရက်ကို အသိပေးသွားမည်ဖြစ်ကြောင်းလဲ သိရသည်။

နေရပ်ပြန်မည့်သူများအနေဖြင့် ယခင်က နေရပ်ပြန်သွားသူများကဲ့သို့ပင် စုရပ်မှ မိုင်းမောဆိပ်ကမ်းအထိ ကားများဖြင့် ပို့ဆောင်ပေးကြမည်ဖြစ်ပြီး မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်းသို့ လှေဖြင့်ကူးရန်အတွက် ကူးခကို မိမိငွေဖြင့် ကုန်ကျမည်ဖြစ်ပြီး တာချီလိတ်ဘက် ဝမ်ပုံဆိပ်ကမ်းတွင် မြန်မာဘက်မှ တာဝန်ရှိသူများက Covid-19 စစ်ဆေးခြင်း၊ ပစ္စည်းများအား စစ်ဆေးခြင်း၊ နိုင်ငံသား စစ်ဆေးခြင်းများ ပြုလုပ်ပြီး နေရပ် ပြန်ရင်အတွင် စီစဉ်ပေးမည့် ကားများဖြင့် ပြန်ရမည်ဖြစ်သော်လည်း အဆိုပါ ကားခကို နေရပ်ပြန်မည့်သူများကသာ ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။