တအာင်း(ပလောင်)ဒေသတွင်း ပြည်သူ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ပံ့ပိုးခြင်းမပြုရန် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး

တအာင်း(ပလောင်)ဒေသတွင်း ပြည်သူ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ပံ့ပိုးခြင်းမပြုရန် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး
ဇွန် 11, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူနှင့် ကျောက်မဲ (၇) မြို့နယ်အတွက်ဖွဲ့စည်းထားသည့် တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့ဝန်ထမ်းများအနေဖြင့် စစ်အာဏာရှင်ကို ကူညီပံ့ပိုးခြင်းမလုပ်ကြဘဲ ပြည်သူနှင့်အတူ ရပ်တည်ကြရန် ၂၀၂၁ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် အသိပေးထုတ်ပြန်စာတစ်စောင် ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ပံ့ပိုးလိုသည့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် အဆိုပါမြို့နယ် (၇)ခုအတွင်း ဆက်လက်နေထိုင်ခြင်းမပြုဘဲ မိမိတို့နေရပ်ပြန်ကြရန်ကိုလည်း တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မတ်လ (၆) ရက်နေ့၌ စတင်ဖွဲ့စည်းကာ မေလ (၁၂) ရက်နေ့တွင် (၇) မြို့နယ်အတွင်းမှ အဖွဲ့ဝင် (၇၄)ဦးအထိ တိုးချဲ့ဖွဲ့စည်းသည့်အပြင် ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ကိုပါ တစ်ပါတည်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။