တာချီလိတ်မြို့နယ်အတွင်း ယာယီရပ်ဆိုင်းခံထားရသည့် အခြေခံပညာကျောင်းများမှ CDM ဆရာ၊ဆရာမ နှင့် ဝန်ထမ်း (၂၇၆)ဦးအနက် (၂၄၄)ဦး ရာထူးတာဝန်မှ ထုတ်ပယ်ခံရ

တာချီလိတ်မြို့နယ်အတွင်း ယာယီရပ်ဆိုင်းခံထားရသည့် အခြေခံပညာကျောင်းများမှ CDM ဆရာ၊ဆရာမ နှင့် ဝန်ထမ်း (၂၇၆)ဦးအနက် (၂၄၄)ဦး ရာထူးတာဝန်မှ ထုတ်ပယ်ခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ပြည်သူဘက်ကရပ်တည်၍ CDM လုပ်ဆောင်မှုကြောင့် လုပ်ငန်းမှ ယာယီရပ်ဆိုင်းခံထားရသည့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမ နှင့် ဝန်ထမ်း(၂၇၆)ဦးအနက် (၂၄၄)ဦးကို လုပ်ငန်းတာဝန်မှ  ထုတ်ပယ်ထားကြောင်း  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ခွဲ)ထံက  သိရသည်။

တာချီလိတ်မြို့နယ်အတွင်း  CDM လုပ်ဆောင်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာများ နှင့် ပညာရေးဝန်ထမ်း (၂၇၆)ဦးကို ၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ခွဲ)မှ ပြည်နယ်ပညာရေးမှူးဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် မေလ(၂၆)ရက်နေ့အထိ လုပ်ငန်းပြန်ဝင်လာသူ (၃၂)ဦးရှိသည့်အတွက် ကျန်ရှိသည့် (၂၄၄)ဦးကို ရာထူးတာဝန်ကနေ  ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ယာယီရပ်ဆိုင်းခံရသူများထဲက လုပ်ငန်းပြန်ဝင်သည့် (၃၂)ဦးတွင် မူလတန်းအဆင့်မှ (၁၈)ဦး၊ အလယ်တန်းအဆင့်မှ (၆)ဦး နှင့် အထက်တန်းအဆင့်မှ (၈)ဦးတို့ ဖြစ်ကြသည်။

(၂၄၄)ဦး ထုတ်ပယ်ခံရတဲ့အကြောင်း ပြီးခဲ့တဲ့ (၃)(၄)ရက်ကတည်းက facebook မှာ စာရင်းတချို့ တက်လာတာတော့ တွေ့တယ်။ စာရွက်က (၃)ရွက်ပဲတွေ့ထားတာ။ အစုံမသိရဘူး၊ ထုတ်ပယ်တာပဲ ပေါ်ပေါ်တင်တင် ထုတ်ပေါ့၊ ထုတ်ခံရသူတောင် ဘာမှမဖြစ်တာ၊ ခုက ဘယ်သူတွေက ပြန်ဝင်ပြီး ဘယ်သူက ထုတ်ပယ်ခံရလည်းဆိုတာ မသိရလို့ လိုက်ရှာကြည့်နေရတယ်။

ဟု CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၇)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းမှ CDM ဆက်လက် လုပ်ဆောင်ထားသည့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာများ နှင့် ပညာရေးဝန်ထမ်း (၂၄၄)ဦး ထုတ်ပယ်(Removal)စာရင်းကို ဇွန်လ(၇)ရက်နေ့အထိ တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးက အတိအလင်းထုတ်ပြန်အသိပေးခြင်း၊ တစ်ဦးချင်းစီကို အကြောင်းကြားပေးခြင်းမရှိသည့်အတွက် တာချီလိတ်သတင်းအေဂျင်စီမှ  ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံး(ခွဲ)ထံ ဆက်သွယ်မေးမြန်းချက်အရ လုပ်ငန်းပြန်ဝင်သူနှင့် ဆက်လက်၍ CDM လုပ်ဆောင်ထားသူ စာရင်းကို သိရှိရခြင်း ဖြစ်သည်။

ဟုတ်ပါတယ်။ အခုက တာချီလိတ်တခုတည်းတော့မဟုတ်ပါဘူး။ ရှမ်း(ရှေ့)လက်အောက်က ပညာရေးမှူးရုံးတွေကို ထုတ်ပယ်စာရင်းတွေ ပေးပို့ထားပြီးပါပြီ၊ ထုတ်ပယ်ခံရသူကို Service Book မှာ ထည့်သွင်းဖော်ပြပါဖို့ ညွှန်ကြားထားပါတယ်။ တာချီလိတ်အတွက် စာရင်းကတော့ နောက်ဆုံးထုတ်တဲ့ ပုံစံမျိုးနဲ့တော့ ပေးလို့ရမရဘူး၊ လုပ်ငန်းပြန်ဝင်တဲ့ (၃၂)ဦးကို သိရရင် ဘယ်သူတွေက ထုတ်ခံရလဲ၊ ဘယ်သူတွေက ပြန်ဝင်လဲဆိုတာ သိမှာပါ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ခွဲ)မှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ ထုတ်ပယ်ခံထားရသည့် အမည်စာရင်းများကိုလည်း အတိအလင်းထုတ်ပြန်ကြေညာထားခြင်းမရှိကြောင်းလည်း သိရသည်။

မှတ်ချက် - အရောင်ချယ်၍ ပြထားသူမှာ လုပ်ငန်းပြန်ဝင်သူများဖြစ်ပြီး၊ အရောင်မချယ်ထားသည့် အမည်မှာ ထုတ်ပယ်ခံရသူများ ဖြစ်သည်။