ကယားပြည်နယ်တွင်း စစ်အင်အားဖြည့်နေသည့်  အာဏာသိမ်းစစ်ကောင်စီက မိုးဗြဲနှင့် ဒီးမော့ဆိုဒေသများမှ ပြည်သူများအား တိမ်းရှောင်ကြရန် သတိပေး

ကယားပြည်နယ်တွင်း စစ်အင်အားဖြည့်နေသည့်  အာဏာသိမ်းစစ်ကောင်စီက မိုးဗြဲနှင့် ဒီးမော့ဆိုဒေသများမှ ပြည်သူများအား တိမ်းရှောင်ကြရန် သတိပေး
ဇွန် 5, 2021 | ကယား

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသနှင့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုဒေသများတွင် လူနေရပ်ကွက်များအတွင်း တိုက်ခိုက်မှုများဖြစ်နိုင်၍ ရွှေ့ပြောင်းနေထိုင်ကြရန် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် ညွှန်ကြားထားကြောင်း သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် ဒေသခံများ၏ ပြည်သူ့ကာကွယ်ရေးတပ်များကို လက်မခံကြရန် အာဏာသိမ်းကောင်စီ၏ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးအံ့မော်က လက်မှတ်ရေးထိုးထုတ်ပြန်သည့် ညွှန်ကြားချက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များသို့ ပို့ထားသည်ဟု သိရသည်။



   

အဆိုပါဒေသများတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ခိုက်မှုများရှိနေပြီး အာဏာသိမ်းတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းအကူတို့ဖြင့်ပါ တိုက်ခိုက်မှုများလုပ်နေခဲ့ခြင်းဖြစ်သည်။



လူနေရပ်ကွက်များမှ တိမ်းရှောင်နေထိုင်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ပြီး စစ်အင်အားကိုလည်း ဖြည့်တင်းနေကြောင်း သိရသည်။