စစ်အာဏာရှင်တွန်းလှန်နေသူများက မေလ ၃၁ ရက်နေ့တွင် Covid-19 ကာကွယ်ရေး Mask Strike Day လုပ်ဆောင်မည်

စစ်အာဏာရှင်တွန်းလှန်နေသူများက မေလ ၃၁ ရက်နေ့တွင် Covid-19 ကာကွယ်ရေး Mask Strike Day လုပ်ဆောင်မည်
မေ 30, 2021 | Covid-19

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၁၂၀)ပြည့်ဖြစ်သည့် ၂၀၂၁ ခုနှစ် မေလ (၃၁) ရက်နေ့တွင် စစ်အာဏာရှင်စနစ်တော်လှန်ရေးနှင့်အတူ COVID 19 ကာကွယ်ရေးအတွက် Mask Strike Day ကို လုပ်ဆောင်ကြရန် စီစဉ်နေကြောင်း သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းမှုများကို အားစိုက်လုပ်ကိုင်နေပြီး COVID 19 ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိချိန်တွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများ၌ COVID 19 ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း COVID 19 စစ်ဆေးမှုကို ယခင်ကဲ့သို့ မလုပ်ဆောင်နိုင်ဘဲရှိနေချိန်တွင် စစ်အာဏာရှင်တွန်းလှန်နေသည့် လူထုက  COVID 19 ကာကွယ်ရေးအသိပေးလှုပ်ရှားမှုအဖြစ် Mask Strike ကို လုပ်ဆောင်ကြရန် စီစဉ်လာကြသည်ကို တွေ့ရသည်။

COVID 19 သည် လေမှတစ်ဆင့် ကူးစက်နိုင်သည့်အတွက် အပြင်ထွက်သည့်အချိန်တိုင်း နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း WHO က အသိပေးနှိုးဆော်ထားသည်။