ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ယာယီရပ်ဆိုင်းခံရသည့် ဆရာ၊ဆရာမ (၈၀၀)ကျော်ရှိနေပြီး ယာယီရပ်ဆိုင်းမခံရမီ ကတည်းက တစ်လကြိုတင်၍ လစာခံစားခွင့် ဆုံးရှုံးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ယာယီရပ်ဆိုင်းခံရသည့် ဆရာ၊ဆရာမ (၈၀၀)ကျော်ရှိနေပြီး ယာယီရပ်ဆိုင်းမခံရမီ ကတည်းက တစ်လကြိုတင်၍ လစာခံစားခွင့် ဆုံးရှုံးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)လက်အောက်ရှိ မြို့နယ်များမှ  CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမ (၈၀၀)ကျော် တာဝန်မှ ယာယီရပ်နားခံထားရပြီး တာဝန်မှယာယီရပ်ဆိုင်းသည့် လထက် တစ်လကြိုတင်၍ လစာ ခံစားခွင့်ဆုံးရှုံးနေရကြောင်း  ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ သတင်းထုတ်ပြန်ထားရှိသည်။ 

တာဝန်မှယာယီရပ်ဆိုင်းသည့် အရေအတွက်မှာ ကျိုင်းတုံမြို့နယ်မှ (၂၂၉)ဦး၊ မိုင်းခတ်မြို့နယ်မှ (၂၃)ဦး၊ မိုင်းပျဉ်းမြို့နယ်မှ (၇၈)ဦး၊ မိုင်းယန်းမြို့နယ်မှ (၁၇)ဦး၊ မိုင်းလားမြို့နယ်မှ (၂၂)ဦး၊ မိုင်းဆတ်မြို့နယ်မှ (၅၅)ဦး၊ မိုင်းတုံမြိုနယ်မှ (၃၂)ဦး၊ တာချီလိတ်မြို့နယ်မှ (၂၇၆)ဦး၊ မိုင်းယောင်းမြို့နယ် မှ (၇၂)ဦး နှင့် မက်မန်းမြို့နယ်မှ (၃၉)ဦးဖြစ်ရာ စုစုပေါင်း (၈၃၄)ဦးအထိရှိနေပြီး မိုင်းဖြတ်မြို့နယ်၏ စာရင်းမှာ စုံစမ်းနေဆဲဖြစ်သည်။

 

CDM ဆရာ၊ဆရာမများ နှင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ် မေလ(၇)ရက်နေ့က စ၍ တာဝန်မှယာယီရပ်ဆိုင်းကြောင်း အမိန့်စာဖြင့် ထုတ်ပြန်ခဲ့သော်လည်း တာဝန်မှယာယီရပ်ဆိုင်းခံရသည့် ဝန်ထမ်းများကို  တစ်လကြိုတင်ကာ လစာခံစားခွင့်ကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

တာဝန်မှယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်သည့် စာရင်းတွင် CDM မလုပ်ဆောင်သည့် ဆရာ၊ဆရာမ အချို့၏ အမည်များလည်း ပါနေသည်လည်းရှိသည့်အတွက် CDM မလုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများက အမည်စာရင်း ပယ်ဖျက်ရေး ကြိုးစားနေကြသလို CDM လုပ်ဆောင်ထားသော်လည်း ယာယီရပ်ဆိုင်းစာရင်းတွင် မပါသည့် CDM ဆရာ၊ဆရာမများ၏ အမည်စာရင်းများလည်း ကျန်ရှိနေသေးကြောင်း CDM ဆရာ၊ဆရာမများထံက သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်(အရှေပိုင်း)အတွင်းမှ CDM ဆရာ၊ဆရာမများသည့် ရှမ်း(ရှေ့)ပြည်နယ်ပညာရေးမှူး နှင့် ကျောင်းအုပ်များ အပါအဝင် စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရတ/စဖရ)၊ ရဲတပ်ဖွဲ့တို့၏ ဖိအားပေးခြိမ်းခြောက်မှုများကြောင့် လုပ်ငန်းပြန်ဝင်ရန်အတွက် စာရင်းပေးထားကြသူများလည်းရှိသလို CDM ကို ဆက်လက်လုပ်ဆောင်သွားမည်သူများလည်းရှိသည်ဟု သိရသည်။

၂၀၂၁ခုနှစ် မေလ (၂၄)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့များတွင် ကျောင်းမသွားပဲ CDM တွင် ပါဝင်ပူးပေါင်းကြမည့် ဆရာ၊ဆရာများကလည်း စာရင်းပေးနေကြသလို စာရင်းကိုလည်း စတင်၍စိစစ်ပြုစုလျက်ရှိကြောင်းရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက အသိပေးထားရှိသည်။

နိုင်ငံ့အာဏာကို စစ်တပ်မှ အကြောင်းအမျိုးမျိုးပြကာ မတရားသိမ်းလိုက်သည့်အတွက် စစ်တပ်၏ အာဏာတည်မြဲရေး ယန္တရားများတွင် လုံးဝပါဝင်လည်ပတ်ခြင်းမပြုလုပ်၍ ပြည်သူ့ဝန်ထမ်းများ နှင့် ပုဂ္ဂလိကဝန်ထမ်း(ဘဏ်)များမှာ Civil Disobedience Movement ( CDM ) လုပ်ဆောင်လာကြခြင်း ဖြစ်သည်။