လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီး မီးဘေးစိုးရိမ်သည့်အတွက် ဈေးသည်အချို့က ကုန်ပစ္စည်းများ နေအိမ်သို့ သယ်ပြန်နေ

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီး မီးဘေးစိုးရိမ်သည့်အတွက် ဈေးသည်အချို့က ကုန်ပစ္စည်းများ နေအိမ်သို့ သယ်ပြန်နေ
မေ 19, 2021 | ကယား

နိုင်ငံတစ်ဝန်းရှိ ဈေးအချို့ မီးလောင်နေသောကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အကြီးဆုံး သီရိမင်္ဂလာဈေး (တောင်ဈေး) ရှိ ဈေးသည်များကလည်း ဈေးမီးလောင်မည်ကို စိုးရိမ်၍ ဈေးသိမ်းချိန်တွင် ကုန်ပစ္စည်းများ ​နေအိမ်သို့ သယ်ပြန်နေကြရကြောင်းသိရသည်။ 

မနေ့ကစပြီး ဈေးသိမ်းတာနဲ့ သယ်ပြန်ကြတယ်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ စိုးရိမ်တယ်လေ။ ညီမတို့ စားဝတ်နေရေးက ဒီဈေးကြီးထဲမှာပဲ ရှိတာလေ။ မီးလောင်မှာ စိုးရိမ်တယ်။ အဲဒါကြောင့် တန်ဖိုးရှိပစ္စည်းတွေ အကုန် အိမ်ကို သယ်ပြန်ထားရတယ်။ တစ်ချို့ကျတော့ ဈေးသိမ်းရင် သယ်ပြန် မနက်ဈေးခင်းရင် ပြန်သယ်လာ အဲဒီလို လုပ်ရတာပေါ့။ ညီမတို့ဆိုင်ဆိုလည်း တန်ဖိုးကြီးတာတွေများတော့ အကုန် အိမ်သယ်ပြန်ထားတယ် ။ ညဆို အိမ်မှာသာရှိ​နေတာ အိပ်မရဘူး။ စိုးရိမ်လို့လေ။

ဟု ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေးကြီးရှိ စျေးသည်များမှာ စျေးမီးလောင်မည်ကို စိုးရိမ်နေကြရသောကြောင့် တန်ဖိုးကြီးပစ္စည်းများကို နေအိမ်သို့ သယ်ပြန်နေကြသည့်အပြင်  စျေးအနီးတွင် နေထိုင်သည့် နေအိမ်များမှာလည်း ညပိုင်းတွင် စောင့်ကြည့်မှုများလုပ်ဆောင်နေရကြောင်း သိရသည်။ 

ခုဆို ညညဆို အိမ်က လူတွေ အလှည့်ကျ ထွက်ထွက်ကြည့်နေရတယ်။ အပြင်တော့မထွက်ဘူးပေါ့။ ညမထွက်ရလည်းရှိနေတော့ အိမ်ကပဲ လှမ်းလှမ်းကြည့်နေရတယ်။ ဘာပဲ ဖြစ်ဖြစ် မဖြစ်ရင်အကောင်းဆုံးပေါ့။ ဖြစ်ခဲ့ရင် ကျနော်တို့ အိမ်တွေပါ အန္တရာယ် ရှိနိုင်သလို အချိန်မှီသိရင် ကူနိုင်တာကူရအောင်ပေါ့။

ဟု ဈေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေး (တောင်ဈေး)မှာ ကယားပြည်နယ်ရှိ အကြီးဆုံးနေ့စဥ် ဈေးကြီးတစ်ခုဖြစ်ပြီး တစ်ကြိမ်တစ်ခါမှ ဈေးအတွင်းမီးလောင်ဖူးခြင်းမရှိကြောင်း သိရသည်။