နိုင်ငံတစ်ဝန်း ဈေးကြီးများ မီးလောင်နေမှုကြောင့် ကျောက်မဲဗဟိုဈေးရှိ ဈေးဆိုင်များမှပစ္စည်းများကို စတင်ရွှေ့ပြောင်းနေ

နိုင်ငံတစ်ဝန်း ဈေးကြီးများ မီးလောင်နေမှုကြောင့် ကျောက်မဲဗဟိုဈေးရှိ ဈေးဆိုင်များမှပစ္စည်းများကို စတင်ရွှေ့ပြောင်းနေ

နိုင်ငံတစ်ဝန်း ဈေးကြီးများ မီးလောင်နေမှုကြောင့် ကျောက်မဲဗဟိုဈေးရှိ ဈေးဆိုင်များလည်း စိုးရိမ်နေ၍ ဈေးအတွင်းမှ ပစ္စည်းများကို စတင်ရွှေ့ပြောင်းနေ

မြန်မာနိုင်ငံအတွင်း ဈေးကြီးများ မီးလောင်မှုများလာသဖြင့် ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးအတွင်းမှ ဈေးသည်များက မီးလောင်မှု ဖြစ်ပွားမည်ကို စိုးရိမ်စိတ်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ စတင်၍ မိမိတို့ရောင်းချနေသော ပစ္စည်းများအား ဗဟိုဈေးအတွင်းမှ ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်း သိရသည်။

အခြားမြို့ရွာများတွင် ဈေးကြီးများ မီးလောင်မှုဖြစ်ပွားပြီး ယမန်နေ့ညကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မဈေးအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့များ ဈေးအတွင်းဝင်သွား၍ ဈေးမီးလောင်မည်ကို စိုးရိမ်သည့်ပြည်သူလူထုက ဈေးရှေ့တွင် စုရုံးစောင့်ကြည့်ခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ကျောက်မဲဗဟိုဈေးကြီးမှ ဈေးသည်များက ရောင်းကုန်ပစ္စည်းများကို ဈေးအတွင်းမထားတော့ဘဲ စတင်ရွှေ့ပြောင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဈေးအနီးတဝိုက်နေထိုင်သူများကလည်း အနီးဝန်းကျင်မှ မီးလောင်လွယ်သည့်ပစ္စည်းများကို ဘေးလွတ်ရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။