တာချီလိတ်ခရိုင်အတွင်း ဆရာ၊ ဆရာမများ လုပ်ငန်းအမြန်ဆုံး ပြန်ဝင်ရန် ခရိုင်ပညာရေးမှူးက ဖိအားပေး

တာချီလိတ်ခရိုင်အတွင်း ဆရာ၊ ဆရာမများ လုပ်ငန်းအမြန်ဆုံး ပြန်ဝင်ရန် ခရိုင်ပညာရေးမှူးက ဖိအားပေး
ဧပြီ 25, 2021 | ရှမ်းရှေ့

တာချီလိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများအားလုံး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေး ခရိုင်ပညာရေးမှူးက   ဖိအားပေး  ခေါ်ယူနေကြောင်း သိရသည်။

 "ခရိုင်ပညာရေးမှူး ဒေါ်အေးအေးခိုင်က ညွှန်ကြားစာ ပို့ထားတာတွေရှိတယ်။ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ကျောင်းတွေကို အရောက်ဆိုပြီး ကျောင်းအုပ်တွေကို အကြောင်းကြားလာတယ်။ ကိုယ့်သက်ဆိုင်ရာ ကျောင်းက ဆရာ၊ ဆရာမတွေကိုလည်း (၃၀)ရက်နေ့ နောက်ဆုံးထားပြီး ပြန်ခေါ်ခိုင်းနေပြီ"ဟု CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ပေါ်တွင်လည်း ကျောင်းအုပ်မှ လွှဲ၍ အတန်းပြ ဆရာ၊ ဆရာမ အများစုမှာ စစ်အာဏာရှင်ကို မထောက်ခံဘဲ ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်ထားကြသလို CDM လုပ်ဆောင်ထားပြီး နေရပ် ဇာတိသို့ ပြန်သွားသည်များလည်းရှိကြောင်း သိရသည်။

"တာချီလိတ်မြို့မှာတော့ ကျောင်းအုပ်တွေက CDM မလုပ်ဘူး။ နောက် ရဲမိန်းမတို့၊ စစ်သားမိန်းမတို့၊ စရဖ မိန်းမတို့ CDM မလုပ်ဘူး၊ မြို့နယ်ပညာရေးမှူးရုံးအဖွဲ့ဆိုလည်း ပညာရေးမှူးတစ်ဦးပဲ CDM လုပ်တာ သူ့အောက်က ရုံးအဖွဲ့တွေအကုန်လုံးက CDM မလုပ်ဘူး ရုံးတက်တယ်။    CDM ကို အများစုက အတန်းပြ ဆရာ၊ ဆရာမတွေပဲ လုပ်တာ။ ကျွန်မတို့ကတော့ ရာထူးတိုးလည်း မက်မနေတော့ဘူး၊ ပြန်လည်းမဝင်ဘူး၊ CDM ပဲ ဆက်လုပ်သွားမယ်၊ ခံယူချက်ကို မပြောင်းတော့ဘူး။"ဟု CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၅)ရက်နေ့တွင် ပြောသည်။

အခြေခံကျောင်းများမှ ဆရာ၊ ဆရာမများအားလုံး လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်ရန်အတွက် ခရိုင်ပညာရေးမှူး ဒေါ်အေးအေးခိုင်က တာချီလိတ်အပါအဝင် မိုင်းဖြတ်၊ မိုင်းယောင်း မိုင်းတုံ နှင့် မိုင်းဆတ်မြို့နယ်ပညာရေးမှူးရုံးများမှ တဆင့် ကျောင်းအုပ် အဆင့်ဆင့်သို့ လည်း ညွှန်ကြားထားကြောင်း သိရသည်။