မိမိဆန္ဒဖြင့်ပူးပေါင်းလာသည့် ကျန်းမာရေးဝန်ထမ်းများအကူအညီဖြင့် ကြားဖြတ်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည်

မိမိဆန္ဒဖြင့်ပူးပေါင်းလာသည့် ကျန်းမာရေးဝန်ထမ်းများအကူအညီဖြင့် ကြားဖြတ်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည်
By Tachileik News Agency

အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို မိမိဆန္ဒအလျောက်ပါဝင်လာမည့် CDM ကျန်းမာရေးဝန်ထမ်းအင်အားစုကိုဦးဆောင်၍  ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရက ရေတိုကြားကာလ ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အာဏာသိမ်းခံရသည့်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဦးစားပေးဆောင်ရွက်ရမည့် ရေတိုကြားကာလလုပ်ငန်းများတွင် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံ၍ CDM လုပ်ဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့က တရားစွဲဆိုခြင်း၊ လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အပြင် အဆိုပါကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်၍မရစေရန် တားဆီးမှုများကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

ပြည်သူရွေးချယ်ထားသည့်အစိုးရအဖွဲ့အား ဖမ်းဆီးပြီး နိုင်ငံ့အာဏာသိမ်းလိုက်သည့် စစ်တပ်သည် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူ့ဝန်ထမ်းများ၏ အမိန့်အာဏာဖီဆန်ခြင်း (CDM) ကို အာဏာသိမ်းပြီး (၃)လနီးပါးကာလအထိ ရင်ဆိုင်နေရဆဲဖြစ်ပြီး နည်းလမ်းမျိုးစုံသုံး၍ ဖိအားပေးနှိမ်နှင်းခြင်းကို လုပ်ဆောင်နေဆဲဖြစ်သည်။