နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ (၁၄)ဦး သေဆုံး

နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ (၁၄)ဦး သေဆုံး
By Shwe Phee Myay News Agency

ယနေ့ ဧပြီလ(၁၀)ရက်နေ့  နံနက်(၅)နာရီမှ (၇)နာရီခွဲအထိ ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ (၁၄)ဦး သေဆုံးကာ မိသားစုဝင် (၇)ဦး ထိခိုက်ဒဏ်ရာရပြီး ရဲ (၂)ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

လားရှိုးမြို့တွင်း အဝိုင်းပတ်တွင် ကား၊ ဆိုင်ကယ်များအား တင်းကြပ်စွာ စစ်ဆေးနေပြီး အမှတ် (၁)ရဲစခန်းရှေ့ရှိ အသွားအပြန် လမ်းကြီးကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်သည်။

အဝိုင်းပတ်နားတွင် ဆောက်လုပ်ရေးရုံးမှ မြို့မစျေးဘက်သွားသည့် ရိုးမဘဏ်အနီးထိ လမ်းနှစ်ဖက်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲကင်းကို  မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ တအာင်း(TNLA)နှင့် ကိုးကန့်(MNDAA) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောသည်။

တိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူရှိသလို ရဲကင်းလည်း မီးလောင်ဆုံးရှုံးသွားကြောင်း နောင်မွန်ဘက်သို့ သွားရောက်ခဲ့သည့် အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောသည်။

ယနေ့ နံနက် (၅)နာရီမှ နံနက်(၇)နာရီခွဲဝန်းကျင်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဟတ်ယာဥ်တွေလည်း လားရှိုးမြို့ကနေ နောင်မွန်ဘက်သို့ (၃)ကြိမ်ထက်မနည်း သွားရောက်ခဲ့ကြောင်း နောင်မွန်ကျေးရွာအနီးရှိ ခေးနင်းရွာခံတစ်ဦးက နံနက်အစောပိုင်းက ပြောသည်။

လက်ရှိ (၁၁)နာရီခွဲအထိ လားရှိုးမြို့ပေါ် ရဟတ်ယာဥ်တစ်စီး ပျံသန်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

Source: https://web.facebook.com/shwepheemyaynews/posts/930818874400911