လားရှိုး - မန္တလေးလမ်းပိုင်းရှိ နောင်မွန်ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

လားရှိုး - မန္တလေးလမ်းပိုင်းရှိ နောင်မွန်ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လားရှိုး - မန္တလေးလမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့က လက်ရောက်ပစ်ခတ်တိုက်ခိုက်မှု ယနေ့ ဧပြီလ(၁၀)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်က စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်း မီးလောင်သွားပြီး  အထိအခိုက်လည်းရှိကြောင်း နှင့် ပြည်ထောင်စုလမ်းမကြီးကို နံနက်(၈)နာရီအထိ ခရီးသည်တင် ယာဉ်၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားလိုက်ပြီး နံနက်(၈)နာရီနောက်ပိုင်းမှ ပြန်ဖွင့်ပေးခဲ့ကြောင်းလည်း သိရသည်။ 

ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ရဟတ်ယာဉ်များမှာ လားရှိုးမြို့အတွင်းမှ နောင်မွန်ကျေးရွာဘက်သို့ (၃)ကြိမ်ထက်မနည်း သွားရောက်သည်များရှိပြီး  မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ တအာင်း(TNLA)နှင့် ကိုးကန့်(MNDAA) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကို ဒေသခံများက ပြောကြားကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

နောင်မွန်ရဲကင်းစခန်းမှာ နံနက်(၈)နာရီ (၄၅)မိနစ်ဝန်းကျင်အထိ မီးလောင်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့် အရေအတွက်ကိုတော့ မသိရသေးကြောင်း နှင့် တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ခေးနင်းကျေးရွာ၌ လက်နက်ကြီး (၅)လုံး ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနှင့် နေအိမ်ထိခိုက်ပျက်စီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

Source: Shwe Phee Myay News Agency 

Photo: NMG

#TachileikNewsAgency #WhatHappenInMyanmar