မြန်မာနိုင်ငံတွင်း တရုတ်ပိုင်လုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးအတွက် အာမခံချက်ပေးရန် တရုတ်သံရုံး သတင်းထုတ်ပြန်

မြန်မာနိုင်ငံတွင်း တရုတ်ပိုင်လုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးအတွက် အာမခံချက်ပေးရန် တရုတ်သံရုံး သတင်းထုတ်ပြန်

မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံသားပိုင်လုပ်ငန်းနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးကို ထိခိုက်မှုမရှိစေရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် တရုတ်သံရုံးက ၂၀၂၁ ခုနှစ် မတ်လ (၁၄) ရက်နေ့၌ သတင်းထုတ်ပြန်သည်။

ယနေ့ လှိုင်သာယာမြို့နယ်ရှိ တရုတ်အထည်ချုပ်စက်ရုံ (၂) ရုံတွင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်ပြီး အာဏာသိမ်းအဖွဲ့ကလည်း လှိုင်သာယာမြို့နယ်ကို ညတွင်းချင်း စစ်အုပ်ချုပ်ရေးကြေညာ ပေးလိုက်သည်။

လှိုင်သာယာလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ မတ်လ (၁၄) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့က အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြည်သူ (၁၈)ဦးထက် မနည်း သေဆုံးခဲ့ရသည့်အပြင် အများအပြားဒဏ်ရာရထားပြီး သေဆုံးသူအရေအတွက်  တိုးနိုင်သည့် အနေအထားတွင် ရှိနေချိန် တရုတ်သံရုံးက မြန်မာနိုင်ငံရှိ တရုတ်ပိုင်လုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများ လုံခြုံမှုရှိစေရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

ယင်းအပြင် မြန်မာပြည်သူများ အနေဖြင့် ဥပေဒနှင့်အညီ ဆောင်ရွက်ရန်နှင့် မြန်မာ - တရုတ် ဆက်ဆံရေးကို မထိခိုက်စေရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်တပ်က နိုင်ငံ့အာဏာသိမ်းထားသည့် (၄၂) ရက်တာ ကာလအတွင်း  စစ်အာဏာရှင်လက်မခံသည့် လက်နက်မဲ့ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် နေ့စဉ် အရပ်သား သေဆုံးမှု မြှင့်တက်နေခြင်း နှင့် ပတ်သက်၍ မည်သည့်ထုတ်ပြန်ချက်မှ ထုတ်ပြန်ခြင်းမရှိသည့် သံရုံးများတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ သံရုံးလည်း အပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တရုတ်ဂက်စ်ပိုက်လိုင်းလုံခြုံရေးတိုးမြှင့်ရန်ကိုလည်း တရုတ်က အာဏာသိမ်းအဖွဲ့ကို တောင်းဆိုထားခြင်း ဖြစ်သည်။