အာဏာရှင်အလိုကျ ဆောင်ရွက်ရ‌သော ပြည်သူ့ချဉ်ဖတ်၊ လောက်ကောင်၊ သစ္စာဖောက်များ မဖြစ်လို၍ စိမ်းစိုဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် အရာထမ်း၊ အမှုထမ်း (၅၀၀)နီးပါး CDM လုပ်ဆောင်

အာဏာရှင်အလိုကျ ဆောင်ရွက်ရ‌သော ပြည်သူ့ချဉ်ဖတ်၊ လောက်ကောင်၊ သစ္စာဖောက်များ မဖြစ်လို၍ စိမ်းစိုဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် အရာထမ်း၊ အမှုထမ်း (၅၀၀)နီးပါး CDM လုပ်ဆောင်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ညွှန်ကြားရေးမှူး အပါအဝင်  အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၀၀)နီးပါးက စစ်အာဏာရှင်စနစ်ကို မလိုလား၍ CDM လုပ်ဆောင်လိုက်ကြောင်း မတ်လ(၃)ရက်နေ့က သဘောထားထုတ်ပြန်ချက်နှင့်အတူ အသိပေးထားရှိသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ညွှန်ကြားရေးမှူး (၂)ဦး နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၉၇)ဦးတို့က  အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် အာဏာရှင်အလိုကျ ဆောင်ရွက်ရ‌သော ပြည်သူ့ချဉ်ဖတ်၊ လောက်ကောင်၊ သစ္စာဖောက်များ မဖြစ်လို၍ CDM တွင် ပါဝင်လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူက ရွေးချယ်ထားသည့် ပြည်သူ့အစိုးရ တက်ရောက်လာသည့်အချိန်မှသာ အလုပ်နှင့်တာဝန်ဝတ္တရားများကို ပျော်ရွှင်စွာ ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းအသိပေးထားသည်။

ယခုလို CDM လုပ်ဆောင်မှုအပေါ် ရုံးပြန်တက်စေရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လာပါက လုပ်ဆောင်သူ၏ အမည်နှင့်တကွ နောက်ကြောင်းရာဇဝင်များကိုပါ ထုတ်ဖော်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (၂)ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၂)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၁)ဦး၊ ဦးစီးအရာရှိ (၂၉)ဦး၊ တောအုပ်ကြီး (၇၄)ဦး နှင့် အမှုထမ်း (၃၈၉)ဦး စုစုပေါင်း (၄၉၇)ဦးတို့က CDM လုပ်ဆောင်ထားခြင်း ဖြစ်သည်။