တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ညပိုင်း၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ညပိုင်း၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား
ဖေဖော်ဝါရီ 11, 2021 | နိုင်ငံရေး| ရှမ်းရှေ့

တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ညပိုင်း၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ထပ်မံရွေးကောက်ခံရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးတို့ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ည (၁၀) နာရီဝန်းကျင်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့က နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

သူတို့လာတာက Alphrad ရယ်၊ Mark 2 ကား (၂) စီးရယ် (၃) စီးနဲ့လာတယ်။ အိမ်က ခြံဝင်းတံခါးကို ကျော်တက်ပြီး ဝင်ဖမ်းတယ်။ စစ်သား၊ ရဲမေရော ရဲတွေရော စုစုပေါင်း (၁၂) ယောက်လောက်နဲ့ လာဖမ်းတယ်။  အိမ်တံခါးဖွင့်ပေးတာနဲ့ ဆရာမကို ဆွဲထုတ်တယ်။ ပြီးတော့ ဦးခင်မောင်တင့်ကို မြင်တာနဲ့ စစ်သားနှစ်ယောက်က နှစ်ဖက်အတင်းဖမ်းချုပ် ဆွဲသွားပြီး ကားထဲအတင်းဝင်ခိုင်းတယ်။ သူ့သမီးလေးလေးတွေ ကလေးတွေက ဓာတ်ပုံရိုက်တာကိုလည်း အဲဒီစစ်သားက ရိုက်မယ်ဆိုပြီး လက်ရွယ်တယ်။ ဖုန်းလုတယ်။ ဦးခင်မောင်တင့်က အနွေးထည်တောင်မပါဘူး ကားထဲ အတင်းထိုးထည့်ပြီး ခေါ်သွားတယ်

ဟု မျက်မြင်တွေ့ရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်မှာ စစ်တပ်က အာဏာသိမ်းသည့်နေ့ဖြစ်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း စစ်တပ်က ဖမ်းဆီးခံခဲ့ရပြီး ယခု ဒုတိယအကြိမ် ထပ်မံအဖမ်းခံရခြင်းဖြစ်သည်။

မဲစာရင်းမှား၍ မလွှဲမရှောင်သာ၍ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီး (၆)ရက်မြောက်နေ့တွင် ယခင်က ကိုဗစ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ပယ်ဖျက်ကာ (၈) ရက်မြောက်နေ့တွင် ည (၈)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီကြား ညမထွက်ရအမိန့်ကို ထုတ်လိုက်ခြင်းဖြစ်သည်။



ယင်းကဲ့သို့ ညမထွက်ရထုတ်ပြန်ထားသည့်အချိန်အတွင်း စစ်တပ်က ရဲတပ်ဖွဲ့အကူအညီဖြင့် ပြည်သူများကို နေအိမ်များ၌ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။



ယင်းကဲ့သို့ ဖမ်းဆီးမှုကြောင့် တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ (၉) ရက်နေ့ နံနက်အစောပိုင်းက မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊ NLD ပါတီဝင် ဦးကျော်မြင့်၊ ကျိုင်းတုံမှ NLD မြို့နယ်အတွင်းရေးမှူး ဦးမြင့်စိုး၊ ပရဟိတလုပ်နေသည့် ကျောင်းဆရာမ ဒေါ်နန်းရှဲန်လာ (ခ) မမီဆောတို့ကို ဖမ်းဆီးပြီးနောက် ယင်းနေ့ညနေမှာပင် ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်သည်ဟု သိရသော်လည်း မိသားစုဝင်များအနေဖြင့် တွေ့ခွင့်မရကြသေးကြောင်း သိရသည်။



ယင်းနောက် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ် (၁) ဦးနှင့် ပညာရေးဌာနမှ ကျောင်းဆရာမ (၁)ဦးတို့ကို ထပ်မံဖမ်းဆီးလိုက်ခြင်းဖြစ်သည်။



Tachileik News Agency