တာချီလိတ်မြို့တွင် မြို့လုံးကျွတ်နီးပါး ပြည်သူများ မြို့တွင်းလမ်းမကြီးတစ်လျှောက် လှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

တာချီလိတ်မြို့တွင် မြို့လုံးကျွတ်နီးပါး ပြည်သူများ မြို့တွင်းလမ်းမကြီးတစ်လျှောက် လှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၈) ရက်မြောက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရပ်ကွက်အသီးသီးမှ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့၌ မိုးသည်းထန်စွာရွာနေသည့်ကြားမှ မြို့တွင်းလမ်းတလျှောက် စီတန်းလှည့်လှည် ဆန္ဒထုတ်ဖေါ်ကြသည်။



ရပ်ကွက်အသီးသီးမှ ပြည်သူလူထုက နံနက် (၇) နာရီခွဲဝန်းကျင်ကတည်းက မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ထိပ်ရှိ အဝိုင်းပတ်သို့ စုပေါင်းချီတက်ကြပြီးနောက် အဝိုင်းပတ်မှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မြို့အဝင်အထိ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။



အာဏာရှင်စနစ်ကျရှုံးပါစေ၊ Civil Disobedience Campaign တွင် ပါဝင်သူများကို ထောက်ခံပါသည်၊ ဒီမိုကရေစီအောင်မြင်ပါစေစသည့် ဗီနိုင်းများ၊ စာတန်းများအသီးသီးကိုင်ဆောင်ကာ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အမှတ်အသားဖြစ်သည့် လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။



စီတန်းလှည့်လည်သူများနောက်တွင် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များဖြင့် လိုက်ပါသူများကလည်း စာတမ်းများကိုင်ဆောင်ခြင်း၊ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖေါ်ခြင်းများကို လုပ်ဆောင်ကြသည်။



စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖေါ်သူများကို လမ်းဘေးဝဲယာမှ နေအိမ်၊ ဆိုင်ခန်းများကလည်း လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖေါ်မှု၌ ပူးပေါင်းခဲ့ကြသည့်အပြင် ဆန္ဒထုတ်ဖေါ်သူများအား မိုးကာများဝေငှခြင်း၊ အအေး၊ ရေဗူးများဝေငှခြင်းဖြင့် အားပေးကြသည်ကိုလည်း တေ့ွရသည်။



ဆန္ဒထုတ်ဖေါ်ရာလမ်းတလျှောက်တွင် လုံခြုံရေးအတားအဆီးများ မတွေ့ရဘဲ ယာဉ်ထိန်းတပ်ဖွဲ့များကလည်း မီးပွိုင့်များတွင် လမ်းရှင်းပေးခြင်းကို ဆောင်ရွက်ပေးကြသည်ကို တွေ့ရသည်။

တာချီလိတ်မြို့လုံးကျွတ်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှုကို ဒုတိယမြောက်နေအဖြင့် ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်(၉)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency