ကျောက်မဲမြို့က တိုက်ပွဲရှောင် (၇၀၀)ကျော် (၁)လကြာသည်အထိ နေရပ်မပြန်နိုင်သေး

ကျောက်မဲမြို့က တိုက်ပွဲရှောင် (၇၀၀)ကျော် (၁)လကြာသည်အထိ နေရပ်မပြန်နိုင်သေး
ဇန်နဝါရီ 25, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း )ကျောက်မဲမြို့နယ်၊ လွယ်အံ(တင်း)ဒေသတွင် ဖြစ်ပွားခဲ့သော RCSS နှင့် TNLA တို့၏ တိုက်ပွဲများကြောင့် ကျောက်မဲသို့စစ်ဘေး တိမ်းရှောင်လာသောဒေသခံများသည် တစ်လကြာမြင့်သော်လည်း နေရပ်များသို့ မပြန်နိုင်သေးဟု သိရသည်။

ရွာထဲမှာက လက်နက်ကိုင်တွေက ဝင်နေနေတုန်းပဲ၊ မွေးထားတဲ့ ကျွဲ၊ နွား စတာတွေကို ပြန်ပြီးစောင့်ရှောက်ချင်တာရယ် စိုက်ပျိုးရေးအလုပ်တွေ ပြန်လုပ်ချင်ပေမယ့် လက်နက်ကိုင်တွေရှိနေတော့ ရွာမှာပြန်ပြီး မနေရဲသေးဘူး။ သူတို့တွေထွက်သွားပေးမှပဲ စိတ်ချလက်ချ ပြန်ပြီးနေရမှာ။ အခုက ပြန်လဲ မပြန်ရဲ၊ ရွာက နေအိမ်နဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေကိုလဲ စိတ်မချ၊ အဲ့လို ဖြစ်နေတာ

ဟု လွယ်အံ(တင်း) ဒေသမှ ကျောက်မဲသို့ တိုက်ပွဲရှောင်လာသူ ဒေသခံ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့က စတင်၍ ကျောက်မဲမြို့နယ်ရှိ လွယ်အံ(တင်း)၊ ပန်မခံ၊ မန်စပ်၊ ကောင်းခါး စသည့်ကျေးရွာများမှ ဒေသခံ တအာင်း(ပလောင်) များသည် TNLA နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် ကျောက်မဲသို့ စစ်ဘေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။

အခုထိတော့ နေရပ် မပြန်နိုင်ကြသေးဘူး။ သူတို့တွေပြန်ကြတဲ့အချိန်ရောက်ရင်တော့ သွားရေး လာရေးကအစ ကော်မတီကနေ စီစဥ်ပေးမှာပါ။ လောလောဆယ်အထိလဲ အခက်အခဲ မရှိအောင် စီစဥ်ဆောင်ရွက်ပေးထားပါတယ်

ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

ကျောက်မဲရှိ သာသနာ့ဝံသ(ဝါဆို) ကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတိုက်၊ သန္တိသုခဓမ္မာရုံနှင့် အမက(မန်ကောင်းမူး) တို့တွင် လွယ်အံ(တင်း) ဒေသမှ တိုက်ပွဲရှောင် စုစုပေါင်း (၇၀၀)ကျော်သည် တိုက်ပွဲရှောင်လာကြသည်မှာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် (၁)လတိတိ ကြာမြင့်နေပြီဖြစ်သည်။





Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...