မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရွာသား (၃၂) ဦးကို ထိန်းသိမ်းထား

မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရွာသား (၃၂) ဦးကို ထိန်းသိမ်းထား
အောက်တိုဘာ 5, 2020
By Tachileik News Agency
မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရွာသား (၃၂) ဦးကို ထိန်းသိမ်းထား
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ပါတီစည်းရုံးရေးမှူးအိမ်တွင် မဲဆွယ်သီချင်းများကို လော်စပီကာ၊ ဆောင်းဘောက်စ်များဖြင့် အဆက်မပြတ်ဖွင့်နေသည်ကို တားမြစ်ရာမှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအား သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ မော်တော်ယာဉ်များပါ ထိခိုက်ပျက်စီးခဲ့ကာ လူပေါင်း (၃၂) ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် ထိန်းသိမ်းထားရကြောင်း သိရသည်။
“အခုတော့ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ (၃၂) ဦးကို ထိန်းသိမ်းထားတယ်။ ပါဝင်သူတွေကို ဆက်ပြီး ဖေါ်ထုတ်ပါမယ်။ မဲဆွယ်သီချင်းကို လော်စပီကာတွေနဲ့ ဖွင့်နေတဲ့ကိစ္စကတော့ သူက လော်စပီကာ အသုံးပြုခွင့်တင်လို့ ခွင့်ပြုပေးထားတယ်လို့ အုပ်ချုပ်ရေးမှူးဆီက သိရတယ်။” ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တ့င်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာ (၅) ရက်နေ့က အတည်ပြုပြောကြားသည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဓာတ်ဆီ၊ မက်သနောများဖြင့် ပေါက်ကွဲစေရန် ပြုလုပ်ထားသည့် အရာများဖြင့်ပါ ပစ်ပေါက်ခဲ့သဖြင့် ဦးမြင့်နိုင်၏ နေအိမ်နှင့် ပစ္စည်းများအပြင် အခင်းဖြစ်နေရာကို လာရောက်ထိန်းသိမ်းသည့် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ကားများလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
"ပြီးခဲ့တဲ့ (၄) ရက်လောက်ကတည်းက မဲဆွယ်သီချင်းတွေကို ဆောင်းဘောက်တွေနဲ့ အဆက်မပြတ် ဖွင့်ခဲ့လို့ ကျေးရွာသားတွေ မကျေနပ်ရာကနေ ဒီကိစ္စ စတင်ဖြစ်ပွားခဲ့တာလို့ ကျေးရွာနေသူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ် " ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အခင်းဖြစ်ပွားမှုကြောင့် ဆိုင်ကယ် (၁၁) စီး၊ (၆) ဘီးယာဉ် (၁) စီး၊ အနက်ရောင်ဆလွန်း အိမ်စီးကား (၁) စီး၊ နေအိမ်အတွင်း ပစ္စည်းအချို့နှင့် နေအိမ်အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ရပြီး လက်ရှိတွင် ကျေးရွာအတွင်း ပြဿနာ ထပ်မံမဖြစ်ပွားစေရန် ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရဲတပ်ဖွဲ့နှင့် ရပ်ကျေးအဖွဲ့များပေါင်းကာ လုံခြုံရေးယူပေးထားကြောင်း သိရသည်။
“ကန်နီကျေးရွာ NLD စည်းရုံးရေးမှူး ဦးမြင့်နိုင်နေအိမ်မှာ မဲဆွယ်သီချင်းဖွင့်နေတဲ့အပေါ် မကျေနပ် ကြတဲ့အတွက် ဝင်ရောက်တားမြစ်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်သွား ရောက်စစ်ဆေးနေပြီး အခင်းဖြစ်ကျေးရွာကို လုံခြုံရေးအပြည့်ချထားဆောင်ရွက်နေပါတယ်” ဟု မကွေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က ပြောသည်။
မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ NLD စည်းရုံးရေးမှူးအိမ်တွင် အောက်တိုဘာလ (၃) ရက်နေ့ ညက ကျေးရွာသားတစ်ဦးဖြစ်သည့် ကိုနေဝင်းရောက်လာပြီး နားငြီး၍ သီးချင်းကျယ်လောင်စွာဖွင့်ခြင်းကို ပိတ်ရန်ပြောသော်လည်း ဦးမြင့်နိုင်က မပိတ်ပေးရာမှ ခိုက်ရန်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုက်ရန်ဖြစ်ပွားစဉ် ကိုနေဝင်းက ဦးမြင့်နိုင်ကို ဓားဖြင့်ခုတ်သဖြင့် ဦးမြင့်နိုင်တွင် လည်ပင်းပြတ်ရှဒဏ်ရာရှိသွားပြီး ခြံထဲတွင် အလုပ်လုပ်နေသူများက ဝိုင်းဝန်းရိုက်နက်ခဲ့သည့်အတွက် ကိုနေဝင်းတွင်လည်း ဒဏ်ရာများ ရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
ခိုက်ရန်ဖြစ်ပွားရာသို့ ကျေးရွာရှိလူများရောက်လာကာ လူစုလူဝေးဖြစ်ပွားခဲ့သဖြင့် ကျေးရွာတာဝန်ရှိသူများက တားမြစ်၍ မနိုင်တော့သဖြင့် မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လင်းကတောရဲစခန်းတို့သို့ အကြောင်းကြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် သွားရောက်ဖြေရှင်းဖို့ တာဝန်ပေးတဲ့အချိန်မှာ ဦးမြင့်နိုင်ကို ဖမ်းဆီးခေါ်ဆောင်ဖို့ တောင်းဆိုကြတဲ့အတွက် ဦးမြင့်နိုင်ကို ထိန်းသိမ်းပြီး လူဦးရေ (၇၀) လောက်ရှိတဲ့လူအုပ်ကြားကနေအထွက်မှာ မီးဖြတ်ပြီး နေအိမ်ကို ဝင်ရောက်ဖျက်ဆီးကြတာ" ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်အား ပြန်လည်ပြောပြသည်။
ဦးမြင့်နိုင်သည် အခြားကျေးရွာတစ်ခုက ပြောင်းရွှေ့လာသူဖြစ်ပြီး ကန်နီကျေးရွာအပြင်အစပ်တွင် နေ ထိုင်သူဖြစ်ကြောင်းသိရကာ  ပစ္စည်းများ ဖျက်ဆီးခံရချိန်တွင် ၎င်း၏ဇနီးနှင့် ကလေးနှစ်ယောက် အပါအဝင် အလုပ်သမားများမှာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲတပ်ဖွဲ့

 

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~