တာချီလိတ်တွင် ပြည်တွင်းမှ စက်သုံးဆီ ပထမဆုံးအကြိမ်ဖြန့်ဖြူးနိုင်ရန် ဆီဘောက်ဆာများ စတင်သွားရောက် သယ်ယူ

တာချီလိတ်တွင် ပြည်တွင်းမှ စက်သုံးဆီ ပထမဆုံးအကြိမ်ဖြန့်ဖြူးနိုင်ရန် ဆီဘောက်ဆာများ စတင်သွားရောက် သယ်ယူ
စက်တင်ဘာ 20, 2020
By Tachileik News Agency

 

တာချီလိတ်တွင် ပြည်တွင်းမှ စက်သုံးဆီ ပထမဆုံးအကြိမ်ဖြန့်ဖြူးနိုင်ရန် ဆီဘောက်ဆာများ စတင်သွားရောက် သယ်ယူ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ပြည်တွင်းမှ စက်သုံးဆီများ စတင်ဖြန့်ဖြူးနိုင်ရေးအတွက် ဆီလုပ်ငန်းရှင်များ၏ ဆီဘောက်ဆာယာဉ် (၁၁) စီးဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့၌ စတင်ထွက်ခွာသွားကြပြီဖြစ်သည်။
“အခု ဒီဆီသွားသယ်တဲ့ယာဉ်တွေ တောင်ကြီးကို ဒီနေ့ စတင်ထွက်ခွာပါတယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရကိုလည်း တင်ပြထားတဲ့အတွက် လမ်းတစ်လျှောက် လုံခြုံရေးကအစ အဆင်ပြေစွာ သယ်ယူနိုင်ရေးအတွက်လည်း မြို့နယ်အသီးသီးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးထားပါပြီ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ ကုန်တင်ယာဉ် (၆) စီးစီသာ နေ့စဉ်ဖြတ်သန်းခွင့်ပြုထားရာ တာချီလိတ်တွင် ဒေသတွင်းလိုအပ်သည့် စက်သုံးဆီ ပြတ်လပ်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများ မဖြစ်စေရန် ပြည်တွင်းမှ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးရန် စီစဉ်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခုတံတားကနေ နေ့စဉ် ယာဉ်အစီးရေ အကန့်အသတ်နဲ့ ဖြတ်သန်းခွင့်ပြုနေချိန်မှာ ဒေသတွင်း စက်သုံးဆီ မပြတ်လပ်ဖို့၊ ဈေးနှုန်းမြင့်တက်မသွားဖို့ တာဝန်ရှိသူတွေက  ကျွန်တော်တို့ အသင်းကို တာဝန်ပေးထားပါတယ်။ ဒီကာလမှာ မယ်ဆိုင်ဘက်ကနေ စက်သုံးဆီ အနည်းငယ် တင်သွင်းလာနိုင်သလို ပြည်တွင်းကနေ ဝယ်ယူဖြန့်ဖြူးဖို့လည်း ကျွန်တော်တို့ စတင်လုပ်ဆောင်ဖို့ တာဝန်ရှိသူတွေကလည်း လမ်းညွှန်တာကြောင့် စတင် လုပ်ဆောင်နေတာပါ။ အရင်ကတော့ မယ်ဆိုင်က ဆီပန့်အရောက် လာထည့်တာ။ အခုက ပထမဆုံး စသယ်ယူရတာဆိုတော့ ကျွန်တော်တို့ လမ်းခရီးကျွမ်းကျင်မှု၊ နောက်လုံခြုံရေး ဒါတွေကအစ စီစဉ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒေသအတွက် အဆင်ပြေဆုံးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုတာတွေ လုပ်မှာပါ။ ပြည်တွင်းက ဆီကို ကျွန်တော်တို့ သွားသယ်တာအပြင် သူတို့လာပို့ရင်ရော ယူမလားဆိုတာလည်း ကမ်းလှမ်းလာတာ ရှိပါတယ်။ ဒါက ရေရှည်အတွက် ကျွန်တော်တို့ စဉ်းစားထားရတာတွေပေါ့။ ပြည်တွင်းကသယ်တာဆိုတော့ ပြည်တွင်းက ဆီဈေးအတက်အကျအတိုင်းပဲ ကျွန်တော်တို့ သတ်မှတ်ရောင်းချမှာပါ”ဟု တာချီလိတ်မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်တွင်းမှ စက်သုံးဆီသယ်ယူရေးအတွက် တာချီလိတ်မြို့မှ တော်ဝင် - ၂ ဆီပန့်၊ BRIGHT TIME ဆီပန့်၊ မိုင်းယွန်းဆီပန့်၊ ရန်ကင်းဆီပန့်၊ ဦးဆမ်ယီဆီပန့်၊ လပြည့်ဝန်းဆီပန့်၊ ဦးဆမ်သန်းဆီပန့်၊ ဆမ်လောင်(ဝ်)ဆီပန့်တို့မှ ဆီဘောက်ဆာ စုစုပေါင်း (၁၁)စီး ထွက်ခွာသွားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~