ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ မြန်မာအလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးရန်လို

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ မြန်မာအလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးရန်လို
မေ 23, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ မြန်မာအလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးရန်လို

မြန်မာနိုင်ငံသား နေရပ်ပြန်လိုသူများ ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်သန်းသွားလာခွင့်ရရန်  မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ  တင်ပြပေးရန် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များကို  မြန်မာအလုပ်သမား သံအရာရှိရုံး၏ Facebook Page မှ တဆင့်လည်းကောင်း မိမိတို့ပြန်လိုသည့် နယ်စပ်ဂိတ်ရှိရာနယ်မြေမှ အလုပ်သမားသံအရာရှိ၏ ဖုန်းနံပါတ် viber သို့လည်းကောင်း ပေးပို့နိုင်ကြကြောင်း သိရသည်။

ကိုယ်ရေးအချက်အလက်စာရင်းကို သူတို့ပို့တဲ့အတိုင်း ထိုင်းနိုင်ငံခြားရေးကို ကျွန်တော်တို့က ပြန်ပို့ပေးရမှာ။ မယ်ဆိုင် - တာချီလိတ်ဘက်က ပြန်မယ်ဆိုရင် ကျွန်တော့်ဖုန်းနံပါတ် Viber ကို အဲဒီအချက်အလက်တွေ ပို့ပေးလို့ရတယ်။ မြဝတီ - မဲဆောက်ဘက် ပြန်မယ်ဆိုရင် အဲဒီဘက် အလုပ်သမားသံအရာရှိရဲ့ဖုန်း viber ကို ပို့ပေးလို့ရတယ်။ ဒီအချက်အလက်တွေရမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပေးရမှာ။ သူတို့က ဖြတ်သန်းခွင့်ပေးပြီဆိုရင် ကျွန်တော်တို့က ဒီဘက်က လိုအပ်တာ စီစဉ်ပေးရမှာ

ဟု မြန်မာအလုပ်သမား သံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်ချင်းဆက်လမ်းများပိတ်ထားသည့် ထိုင်းနိုင်ငံတွင်းမှ  မြန်မာလုပ်သားများ  နေရပ်ပြန်နိုင်ရေး အတွက် မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းသဘောတူညီချက်အရ  ဘန်ကောက်မှ မဲဆောက်ဘက်သို့ မြန်မာလုပ်သားများ ပြန်နိုင်ရန်  အထူးဘတ်စ်ကားအစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ မေလ (၂၂)ရက်နေ့မှစ၍ တစ်ရက်လျှင် (၂)ကြိမ်နှုန်းပြေးဆွဲပေးနေပြီး လိုက်ပါခွင့်ရသည့် မြန်မာလုပ်သားများ  အမည်စာရင်းကိုလည်း မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

အချက်အလက်ပြည့်စုံရင် အဆင်ပြေတာပေါ့။ အချက်အလက်ဖြည့်ပြီး ကိုယ့်နာမည်စာရင်းကျမှ သွားတယ်ဆိုရင်၊ ကိုယ်ကလည်း အချက်အလက် စောစောစီးစီးပို့မယ်။ ပြောတဲ့အချက်အလက်ကိုလည်း သေချာစနစ်တကျပို့မယ်ဆိုရင်တော့ မြန်ပါတယ်။ အချက်အလက်မပြည့်စုံဘူးဆိုရင်တော့ အဲဒီလူအနေနဲ့ ပိုပြီးအခက်အခဲဖြစ်နိုင်တာပေါ့

ဟု မြန်မာအလုပ်သမား သံအရာရှိ ဦးဇော်မင်းထွေးက  ပြောသည်။

ယင်းအပြင် မယ်ဆိုင် - တာချီလိတ်၊ မဲဆောက် - မြဝတီ၊ ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်များမှ ပြန်လိုသူများအနေဖြင့်လည်း မြန်မာအလုပ်သမားသံအရာရှိရုံးထံ ကိုယ်ရေးအချက်အလက်ပေးပို့ပြီး ခရီးသွားထောက်ခံချက်ယူရန်လိုအပ်ပြီး အဆိုပါ ခရီးသွားထောက်ခံချက်တွင် ဖေါ်ပြထားသည့်ရက်အတိုင်းသာ နယ်စပ်ဂိတ်ဖြတ်ခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ရေးအတွက် ကိုယ်ရေးအချက်အလက်များ မြန်မာအလုပ်သမား သံအရာရှိရုံး၏ facebook page ဖြစ်သည့် https://www.facebook.com/myanmar.labour.office.thai/   သို့ မက်ဆေ့ပေးပို့ခြင်းဖြင့်လည်းကောင်း၊ မြန်မာအလုပ်သမားသံအရာရှိများ၏ Viber များသို့လည်းကောင်း ပေးပို့နိုင်မည်ဖြစ်သည်။

 Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~