တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၁)ခုကို စားနပ်ရိက္ခာ စတင်ပေးဝေ

တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၁)ခုကို စားနပ်ရိက္ခာ စတင်ပေးဝေ
ဧပြီ 10, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၁)ခုကို စားနပ်ရိက္ခာ စတင်ပေးဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (နိုင်ငံတော်ကိုယ်စား) တာချီလိတ်မြို့မိမြို့ဖများ နှင့် လုပ်ငန်းရှင်များပါဝင်သည့် အလှူရှင်များမှ စားနပ်ရိက္ခာပေးဝေရန် စာရင်းကောက်ထားသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၅၀) ရှိသည့်အနက် ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၁)ခုတို့မှ အိမ်ထောင်စုပေါင်း (၄၉၉) စုကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် စားနပ်ရိက္ခာအိမ်တိုင်ရာရောက် ပေးဝေထားသည်။

တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုများအား စားနပ်ရိက္ခာပေးဝေခြင်း စတင်သည့် ဧပြီလ (၁၀) ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ဝမ်လုံးကျေးရွာအုပ်စုတို့၌ လိုက်လံပေးဝေနေခြင်းဖြစ်ပြီး ဧပြီလ (၁၁)ရက်နေ့တွင် ကျိုင်းလပ်မြို့ရှိ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)ခုနှင့် တာချီလိတ်မြို့ပေါ်ရှိ ဆေခမ်းရပ်ကွက်တို့၌ လိုက်လံဝေငှမည်ဖြစ်ကြောင်း သိရသည်။ 

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀)သား၊ ဆား (၅၀)သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာစီကို ဧပြီလ (၁၀)ရက်နေ့မှစ၍ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စားနပ်ရိက္ခာဖြန့်ဝေပေးရေးကို လူစုလူဝေးမဖြစ်စေရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာနယ်မြေ အလိုက် ရပ်ကွက်အလိုက် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ၊ မဇ္ဇျိမလူမှုကူညီရေးအသင်းနှင့် အလင်းရောင်ပရဟိတအသင်း အပါအဝင် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်  အဖွဲ့ငယ်များ ဖွဲ့စည်းပြီး ရပ်ကွက်အလိုက် ဖြန့်ဝေပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~