တာချီလိတ်မြို့နယ်အတွင်း တစ်လတာကြာမြင့်မည့် ညမထွက်ရအမိန့်ကို ချိုးဖေါက်ပါက ထောင်ဒဏ် (၁)လမှ (၆)လအထိချမှတ်နိုင်သည့် ဥပဒေဖြင့် ခြွင်းချက်မရှိ အရေးယူသွားမည်

တာချီလိတ်မြို့နယ်အတွင်း တစ်လတာကြာမြင့်မည့် ညမထွက်ရအမိန့်ကို ချိုးဖေါက်ပါက ထောင်ဒဏ် (၁)လမှ (၆)လအထိချမှတ်နိုင်သည့် ဥပဒေဖြင့် ခြွင်းချက်မရှိ အရေးယူသွားမည်
ဧပြီ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း တစ်လတာကြာမြင့်မည့် ညမထွက်ရအမိန့်ကို ချိုးဖေါက်ပါက ထောင်ဒဏ် (၁)လမှ (၆)လအထိ ချမှတ်နိုင်သည့် ဥပဒေဖြင့် ခြွင်းချက်မရှိ အရေးယူသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ ညမှစ၍ သက်ရောက်မည့် ညမထွက်ရအမိန့်ကို ချိုးဖေါက်ပါက ထောင်ဒဏ် (၁)လမှ (၆)လအထိ ချမှတ်နိုင်သည့်  ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သိရသည်။

“ ခရိုင်ရဲတပ်ဖွဲ့မှူးရယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရယ်၊ ကျွန်တော်ရယ်ဦးဆောင်ပြီး အဖွဲ့ (၃)ဖွဲ့ခွဲထားတယ်။ ဒီအဖွဲ့တွေက ကျန်တဲ့အောက်ခြေအဖွဲ့တွေ လုပ်ငန်းဆောင်ရွက်တာကို ကြီးကြပ်မယ်။ ရပ်ကျေးအဆင့်အဖွဲ့တွေက ည (၉)နာရီခွဲလောက်ကတည်းက လှည့်ကင်းပတ်မယ်။ ပိတ်ဆို့တာတွေ လုပ်မယ်။ ည (၁၀) မနက် (၄)နာရီအတွင်း တာဝန်ချထားသူများမှ အပ ဘယ်သူမှ မထွက်ရဘူး။ ဝန်ထမ်းဆိုရင်တောင် သူ့ကို တာဝန်ပေးထားပါတယ်ဆိုတဲ့ ဌာနအကြီးအကဲ ထောက်ခံချက်ပါမှရမယ်။ ရပ်ကျေးအဆင့်မှာလည်း ပိတ်ဆို့အဖွဲ့ထဲပါတဲ့အမည်စာရင်းကို ဒီနေ့ (၃)နာရီ နောက်ဆုံးတောင်းထားပြီးသား။ လူနာအရေးပေါ်ဆိုရင်တော့ ထွက်လို့ရတယ်။ မဟုတ်ရင် ဘယ်သူမှ ထွက်လို့မရဘူး။ ထွက်ရင် ခြွင်းချက်မရှိဘူး။ အကုန်အရေးယူမှာ”ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၀)ရက်နေ့တွင် ပြောသည်။

တာလေနှင့် ကျိုင်းလပ်မြို့ အပါအဝင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ဧပြီလ (၁၉)ရက်နေ့မှ မေလ (၁၉)ရက်နေ့အထိ ညစဉ် ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရ အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄)အရ ထုတ်ပြန်လိုက်ပြီး အဆိုပါ အမိန့်ကို ရပ်ကွက်၊ကျေးရွာများအလိုက် အသိပေးကြေညာနေပြီဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် (၁)လတာ ကာလအတွင်း တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ အလိုက် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေအလိုက် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ညစဉ် ည(၉)နာရီခွဲမှစ၍ ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်အရ COVID 19 ကာကွယ်ရေးလုပ်ငန်း ထိရောက်စွာဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေးအတွက် ကုန်တင်ယာဉ်များအပ မည်သူမှ ည (၁၀)နာရီမှ မနက် (၄)နာရီအတွင်း အပြင်ထွက်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~