ရှမ်းပြည်နယ်တွင်း ပွဲများကျင်းပခြင်းကို ရောဂါကာကွယ်ရေးအသိစိတ်ဖြင့် ဆောင်ရွက်ကြရန် ပြည်နယ်အစိုးရဝန်ကြီး တိုက်တွန်း

ရှမ်းပြည်နယ်တွင်း ပွဲများကျင်းပခြင်းကို ရောဂါကာကွယ်ရေးအသိစိတ်ဖြင့် ဆောင်ရွက်ကြရန် ပြည်နယ်အစိုးရဝန်ကြီး တိုက်တွန်း
မတ် 5, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ပွဲများကျင်းပခြင်းကို ရောဂါကာကွယ်ရေးအသိစိတ်ဖြင့် ဆောင်ရွက်ကြရန် ပြည်နယ်အစိုးရဝန်ကြီး တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် လူစုလူဝေးပွဲများ ကျင်းပခြင်းကို တာဝန်ရှိသူများက ကန့်သတ်ရခြင်းထက် လူထုအနေဖြင့် ရောဂါကာကွယ်ရေးအသိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တိုက်တွန်းလိုက်သည်။

“ လူစုလူဝေးကိစ္စပေါ့။ အခုချိန်က စာမေးပွဲလည်းရှိတယ်။ တပေါင်းပွဲတွေလည်းရှိတယ်။ သာသနာရေးဆိုင်ရာ တံဆိပ်ကပ်ပွဲတွေကအစ ပွဲတွေက အများကြီးပေါ့။ အဲဒါတွေပိတ်ဖို့ထက်စာရင် ကိုယ်ရဲ့ ကျန်းမာရေး အသိလေးတွေနဲ့ နေကြဖို့ဆိုတာမျိုး ပိုပြီးပြောတာပေါ့။ တကယ်လို့ မဖြစ်မနေ လုပ်ရမယ့်ပွဲတွေရှိရင်တော့ နံပါတ် (၁) လူလျှော့နိုင်မလား။ နံပါတ် (၂) ကတော့ ကျန်းမာရေးရှုထောင့်အရ လုပ်သင့်လုပ်ထိုက်တာတွေကို ပြင်ဆင်ပြီးမှ လုပ်မလားဆိုတာမျိုးပေါ့။ အတတ်နိုင်ဆုံးလျော့ချဖို့ဆိုပြီး ခရိုင်စီခန့်တွေကို အကြောင်းကြားထားတာပေါ့”ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသည့်နိုင်ငံများ တိုးလာနေရာ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသည့်လူနာ မတွေ့ရသေးသော်လည်း ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မဖြစ်မနေကျင်းပရမည့် ပွဲများမှလွဲ၍ ကျင်းပခြင်းမပြုကြရန် ခရိုင်စီမံခန့်ခွဲရေးကော်မတီများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ်လဆန်းတွင် အကြောင်းကြားထားခြင်းဖြစ်သည်။

“ကျန်းမာရေးဌာနဘက်က ပူးပေါင်း ဆောင်ရွက်ပေးနိုင်တာက ကိုယ်အပူချိန်တိုင်းတာစစ်ဆေးတာ လုပ်ပေးမယ်။ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ ရှိရင် မပေးဝင်ဘူးဆိုတဲ့ဟာမျိုး ပွဲကျင်းပရေးကော်မတီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဖို့လျာထားတာပေါ့။ နောက်တစ်ခုက ပွဲစီစဉ်သူတွေအနေနဲ့ Hand Gel လိုဟာမျိုးတွေ Mask လိုဟာမျိုးတွေ ဒါလေးတွေ ထားပေးဖို့ပေါ့”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက  ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်သေးသည့်ကာလအတွင်း လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို တတ်နိုင်သမျှ မကျင်းပရန်၊ မဖြစ်မနေ ကျင်းပရမည့် ပွဲများဖြစ်ပါက တက်ရောက်သူ နည်းနိုင်သမျှ နည်းစေရေး စီစဉ်ရန်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ မလာစေရန်နှင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်သန့်ဆေး၊ Mask များ ထားရှိပေးခြင်းစသည့် ကျန်းမာရေးဌာန၏အကြံပြုချက်များကို လိုက်နာကြရန် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - မောင်မောင်သန်း(တောင်ကြီး)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~