တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ
မတ် 16, 2020
By Tachileik News Agency
တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြ ခေါ်ဆောင်ထားရ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ သတ်မှတ်သည့် တရုတ်နိုင်ငံသား (၁)ဦး၊ ၎င်းနှင့်အတူနေသူတစ်ဦးတို့ကို ဆေးရုံသို့လိုက်ရန်  သက်ဆိုင်ရာတာဝန်ရှိသူများက (၃)နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရသည်။

“အခု နှစ်ယောက်စလုံးကို ဆေးရုံခေါ်ထားပါပြီ။ ဓါတ်ခွဲခန်းအဖြေရတဲ့အထိ ဆေးရုံမှာပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ”ဟု တာချီလိတ်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့မှလာည့် တရုတ်အမျိုးသား (၂) ဦးသည် တာချီလိတ်မြို့တွင်းရှိ ဟိုတယ်တစ်ခု၌ တည်းခို နေထိုင်စဉ် မတ်လ (၁၅) ရက်နေ့၌ ဟိုတယ်က ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရာ (၃၈) ဒီဂရီစင်တီဂရိတ် ကျော်နေသဖြင့် ဆေးရုံပို့ရန် တိုက်တွန်းစဉ် ငြင်းဆန်ပြီး ဟိုတယ်မှ ထွက်သွားကြသဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ချိတ်ဆက်ရှာဖွေရာ အခြားဟိုတယ်တစ်ခုတွင် သွားရောက်တည်းခိုနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့တည်းခိုရာဟိုတယ်သို့ သွားရောက်ပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါလက္ခဏာများ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြပြီးနောက် ကိုယ်အပူချိန်မြင့်နေသည့် တရုတ်နိုင်ငံသားမှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းစသည့် ကိုရိုနာသံသယလက္ခဏာများ မတွေ့ရသဖြင့်  ဟိုတယ်တွင် ပုံမှန်စောင့်ကြည့်ရန် မတ်လ (၁၅)ရက်နေ့ညက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ တရုတ်နိုင်ငံသားများသည် ကိုရိုနာဖြစ်ပွားမှုမြင့်မားသည့် တရုတ်နိုင်ငံမှ လာသည့်ကာလမှာ (၁၄)ရက် မကျော်သေးသည့်အတွက် သီးခြားစောင့်ကြည့်ရန် မတ်လ (၁၆)ရက်နေ့၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုယ်အပူချိန်မြင့်နေသည့် တရုတ်နိုင်ငံသားကို ဆေးရုံရှိ သီးခြားစောင့်ကြည့်ကုသရေးခန်းတွင် ထားရှိကာ ကျန်တစ်ဦးကို ဓါတ်ခွဲခန်းအဖြေရသည်အထိ ဟိုတယ်ခန်း၌ သီးခြားစောင့်ကြည့်ရန်ဖြစ်သော်လည်း နှစ်ဦးလုံးမှာ ကူမင်းမြို့မှ ထွက်ခွာလာကြပြီး ခရီးတလျှောက် အတူနေထိုင်သူများဖြစ်သည့်အပြင် ဟိုတည်တစ်ခန်းတည်းတွင် နေထိုင်သူဖြစ်၍ ဆေးရုံ၌ နှစ်ဦးလုံးကို ခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများအား ဆေးရုံသို့ခေါ်ဆောင်ရန် နံနက် (၉)နာရီကတည်းက တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စုများ၊ စစ်ဘက်ဆိုင်ရာ အထူးလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊တာချီလိတ်ခရိုင်ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်လင်းစိုး နှင့် ကျန်းမာရေးအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၄)မှ ဒုတိယရဲမှူး စိုးနိုင် နှင့် တပ်ဖွဲ့ဝင်များ၊ မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဉီးစိုင်းအွတ် နှင့်အဖွဲ့ အပါအဝင် ဟိုတယ်မှ တာဝန်ရှိသူများက နံနက် (၉)နာရီကတည်းက ကြိုးပမ်းနေခြင်းဖြစ်သော်လည်း ဆေးရုံလိုက်ရန် ငြင်းဆန်နေကြသဖြင့် တရုတ်သံရုံးအကူအညီ ရယူခဲ့ရပြီး နေ့လယ် (၁၂)နာရီကျော်တွင် ဆေးရုံသို့ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားတရုတ်နိုင်ငံ၊ ကူမင်းမြို့မှ မတ်လ (၁၀)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး မန်စီမြို့မှတစ်ဆင့် မန္တလေးမြို့သို့ မတ်လ (၁၁)ရက်နေ့တွင်လည်းကောင်း၊ မန္တလေးမြို့မှ တာချီလိတ်မြို့သို့ မတ်လ (၁၂)ရက်နေ့တွင်လည်းကောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~