မောက်မယ်ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာမိသားစုမှာ ရောဂါကင်းရှင်း၍ စီမံခန့်ခွဲရေးနှင့် ကျန်းမာရေးဝန်ထမ်းများက နေရပ်ပြန်ပို့ကာ ကျန်းမာရေး အသိပညာပေးလုပ်ဆောင်

မောက်မယ်ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာမိသားစုမှာ ရောဂါကင်းရှင်း၍ စီမံခန့်ခွဲရေးနှင့် ကျန်းမာရေးဝန်ထမ်းများက နေရပ်ပြန်ပို့ကာ ကျန်းမာရေး အသိပညာပေးလုပ်ဆောင်
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency
မောက်မယ်ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာမိသားစုမှာ ရောဂါကင်းရှင်း၍ စီမံခန့်ခွဲရေးနှင့် ကျန်းမာရေးဝန်ထမ်းများက နေရပ်ပြန်ပို့ကာ ကျန်းမာရေး အသိပညာပေးလုပ်ဆောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယ စောင့်ကြည့်လူနာမိသားစုမှာ ရောဂါကင်းရှင်းကြောင်း ဓါတ်ခွဲခန်းအဖြေရသဖြင့် ဆေးရုံဆင်းခွင့်ပေးလိုက်ရာ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့တွင် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ကျေးရွာအထိ လိုက်လံပို့ဆောင်ပေးထားကြောင်း သိရသည်။

 “သူတို့ကို ခေါ်တုန်းကတော့ လူနာတင်ယာဉ်နဲ့ခေါ်ခဲ့တယ်။ အခုအပြန်မှာတော့ ကျေးရွာကလည်း စိုးရိမ်မှာ စိုးလို့ လူနာတင်ယာဉ် မသုံးဘဲ ကျွန်တော်တို့ ရုံးကားနဲ့ပဲ ကျေးရွာအထိ လိုက်ပို့ပေးထားပါတယ်။ သူတို့ရွာရောက်တော့ ဘုန်းကြီးကျောင်းမှာ ရွာလူထုကို စုထားပြီး ဘုန်းတော်ကြီးနဲ့ ရွာလူထုကို ဒီမိသားစုကို ရောဂါသံသယနဲ့ ခေါ်ထားတာဖြစ်ပေမဲ့ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ အဖြေရတဲ့အခါ ရောဂါမရှိတာကြောင့် ပြန်လည် ပို့ပေးတာ၊ သူတို့မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သေချာပြောပြတယ်။ ဒါကြောင့် အရင်ကလိုပဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ပဲ နေထိုင်ဖေးမဖို့ ပြောခဲ့တယ်။ လူနာမိသားစုကို ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျပ်တစ်သိန်း၊ ကျွန်တော်တို့ ဌာနဆိုင်ရာတွေက ကျပ်တစ်သိန်းခွဲ၊ နယ်မြေခံတပ်ရင်းက ကျပ်သုံးသောင်း၊ ဆန်ဆီဆားတို့ ရိက္ခာခြောက်တို့ကို ကာယကံရှင်မိသားစုဆီ ထောက်ပံ့ပေးခဲ့တယ်။ ရွာကလူတွေက အခုလို သက်ဆိုင်ရာတွေက လာပို့ပေးမယ်လို့ မထင်ထားကြဘူး။ အခုလို လာပို့ပေးသွားတော့ သူတို့ အံ့သြကြတယ်။ အရင်က ဘာမှန်းမသိ ညာမှန်းမသိဖြစ်နေပေမဲ့ အခုတော့ ရှင်းရှင်းလင်းလင်း သိသွားကြပါတယ်”ဟု မောက်မယ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ လွိုင်ခွန်ကျေးရွာဟောင်းတွင် တရုတ်နိုင်ငံ ရွှေလီမှ ပြန်လာသည့် ညီအစ်မ(၂)ဦးနှင့် အတူနေ မိခင်၊ ဖခင်တို့ ဖျားနာနေသဖြင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်ရန် မောက်မယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ထားရှိ ကုသပေးနေခဲ့ရာ အဆိုပါမိသားစုမှ ကလေးငယ် (၃)ဦးကိုပါ ဆေးရုံသို့ ခေါ်ဆောင်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိသားစု၏ ဓါတ်ခွဲနမူနာများကို WHO ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့စစ်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့၌ ဓါတ်ခွဲအဖြေရသဖြင့် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ ညနေ (၃)နာရီတွင် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဟန်သူရ ဦးစီးသည့် ဌာနဆိုင်ရာ (၉)ဦး၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြမြသန်း၊ ဟိုနမ့်တိုက်နယ်ဆရာဝန် ဒေါက်တာ ဖြူဖြူတင်နှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သည့်အဖွဲ့က အဆိုပါမိသားစုအား နေရပ်ပြန်ပို့ပေးခဲ့ကြခြင်းဖြစ်သည်။

ရောဂါသံသယဖြင့် စောင့်ကြည့်လူနာများ ရောဂါကင်းရှင်းကြောင်းအဖြေအရ နေရပ်ပြန်ရာတွင် ခွဲခြားဆက်ဆံခံရခြင်း မရှိစေရေးနှင့် လိုက်နာဆောင်ရွက်ရမည်များကို ဆွေးနွေးပေးခြင်းများ လုပ်ဆောင်ရန် ပြည်နယ်အဆင့် အဆုတ်ရောင် ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် မောက်မယ်ဆေးရုံ၌ လူနာမိသားစုအား သွားရောက်တွေ့ဆုံစဉ် သက်ဆိုင်ရာတာဝန်ရှိသူများအား ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) သံသယဖြင့် ဓါတ်ခွဲနမူနာပို့စစ်ထားသူများမှ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ ညနေပိုင်းအထိ ဓါတ်ခွဲအဖြေရရှိပြီးသူ (၅) ဦးလုံးမှာ ဗိုင်းရပ်စ်မတွေ့ရကြောင်း အဖြေထွက်ရှိ၍ ဆေးရုံဆင်းခွင့်ရထားပြီး ဓါတ်ခွဲနမူနာစောင့်ဆိုင်းဆဲ လူနာ (၃)ဦးကျန်နေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း ဓါတ်ခွဲအဖြေရလူနာများ ဆေးရုံဆင်းချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ဆွေးနွေးပေးခြင်းနှင့် မိမိတို့နေရပ်ဒေသတွင် စိုးရိမ်စိတ်များကြောင့် ခွဲခြားဆက်ဆံခံရမှု မရှိစေရေးအတွက် ကျန်းမာရေးဦးစီးဌာနက လိုအပ်သည်များ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - TRH

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~